ထိုင်းနိုင်ငံ ဖောင်ဒေးရှင်း နှစ်ခုမှ CNCMC ကော်မတီထံ လာရောက် တွေ့ဆုံ၍ မြန်မာအလုပ်သမားကိစ္စ ကူညီပေးနိုင်ရေး အလွတ်သဘာဆွေးနွေး

ထိုင်းနိုင်ငံ ဖောင်ဒေးရှင်း နှစ်ခုမှ CNCMC ကော်မတီထံ လာရောက် တွေ့ဆုံ၍ မြန်မာအလုပ်သမားကိစ္စ ကူညီပေးနိုင်ရေး အလွတ်သဘာဆွေးနွေး
အောက်တိုဘာ 15, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ New Life Center Foundation နှင့် Mekong Minority Foundationမှ ဒါရိုက်တာ Mr.Timothy Golin နှင့် အလုပ်အမှုဆောင်ရှေ့နေ Mr.Chatare တို့ပါဝင်သည့်  အဖွဲ့ဝင် (၆)ဦးသည် ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁၅)ရက် နံနက်ပိုင်းက တာချီလိတ်မြို့မှ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်  စေ့စပ်ညှိနှိုင်းရေးကော်မတီ" (CNCMC) နှင့် တွေ့ဆုံ၍ အခက်အခဲ ဖြစ်ပေါ်နေသော မြန်မာအလုပ်သမားများ၊ လူကုန်ကူးခံရသော မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ အသိပညာပေးရေး ကိစ္စရပ်များနှင့် ပတ်သက်ကာ CNCMC ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ ရုံးခန်းတွင် ကော်မတီဝင်များနှင့်အတူ  အလွတ်သဘောအရ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံအတွင်း၌ ရောက်ရှိ နေထိုင်ပြီး အလုပ်လုပ်ကိုင်ရင်း အခက်အခဲများစွာ ကြုံတွေ့နေရသော မြန်မာလုပ်သားများနှင့် ပတ်သက်၍ Mekong Minority Foundation မှ အလုပ်အမှုဆောင် ရှေ့နေ Mr.Chatare က "မြန်မာနိုင်ငံသားများသည် မိမိတို့ရုံးကို လာရောက်ပြီးတော့ သူတို့ရဲ့ အခက်အခဲကို ရင်ဖွင့် တိုင်ကြားမှုတွေရှိကြောင်း၊ ထိုသို့ လာရောက်တိုင်ကြားရာမှာ နေ့စဉ်လိုလိုပင် လုပ်အားခ မရရှိခြင်း၊ ခြိမ်းခြောက် ခိုင်းစေခံရခြင်း၊ စားသောက်စရိတ် အပြည့်အ၀ မထုတ်ပေးခြင်း စသည့် ပြဿနာများကို လာရောက် တိုင်ကြားသည့် အတွက် ၎င်းတို့အနေဖြင့် ထိုင်း နှင့် မြန်မာသည် ညီအစ်ကိုမောင်နှမသဖွယ်ဖြစ်သည့် အတွက်ကြောင့် ပြဿနာများကို တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိုသို့ လာရောက် တိုင်ကြားသည့် မြန်မာလုပ်သား အများစုမှာ အလုပ်သမား အခွင့်အရေးများကို သိရှိသူ အလွန်နည်းပါးနေတာကို တွေ့ရှိရသည့် အတွက် လက်ရှိ ထိုင်းနိုင်ငံ အတွင်း၌ အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမားများ အနေဖြင့် ရုံးသို့ လာရောက် တိုင်ကြားပါက ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ အနေဖြင့်လည်း အလုပ်သမားတစ်ဦး တစ်ယောက်အတွက် ရရှိရမည့် အခွင့်အရေးများကို သိရှိစေလိုကြောင်း" ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ၎င်းမှ "အလုပ်ရှင်များသည် လုပ်သားများကို အလုပ်ခိုင်းစေသည့်အခါမှာ စာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များ၊ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်များအား သိမ်းဆည်းပြီး ခိုင်းစေနေမှုတို့ကြောင့် မြန်မာအလုပ်သမားများ အနေဖြင့် အဆိုပါ ဖြစ်စဉ်များကို သိရှိရန် လိုအပ်ကြောင်း နှင့် ၎င်းတို့အနေဖြင့် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လိုသလို၊ မြန်မာအလုပ်သမားများကိုလည်း ထိုင်းနိုင်ငံသို့ မထွက်ခွာမီ အလုပ်သမားအခွင့်အရေး အချက်အလက်များနှင့် အခက်အခဲ တစ်စုံတစ်ရာရှိခဲ့ပါက ဆက်သွယ် အကူအညီ တောင်းခံနိုင်မည့် နေရာများ၊ ဖုန်းနံပါတ်များကို သိရှိစေရန်အတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း" ပြောဆို ဆွေးနွေးညှိနှိုင်းလာသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုကို CNCMC အဖွဲ့ ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အသိပညာပေးမှုများနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် တက်နိုင်သည့် ဘက်မှ  ကူညီပံ့ပိုး ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ယခု ဆွေးနွေးတင်ပြချက်များကိုလည်း သက်ဆိုင်ရာများနှင့် ညှိနှိုင်း တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယခုလို လာရောက်၍ အလွတ်သဘောအရ တွေ့ဆုံရာတွင် မြန်မာဘက်မှ CNCMC ကော်မတီသည် လက်လှမ်းမီသမျှ မြန်မာနိုင်ငံသား တိုင်းရင်းသား အလုပ်သမား ကိစ္စရပ်များနှင့် ထိုင်းနိုင်ငံအတွင်း အခက်အခဲ တွေ့ကြုံနေသော မြန်မာနိုင်ငံသား တိုင်းရင်းသားများကို ကူညီဆောင်ရွက် ပေးနေလျက် ရှိသည်နှင့် အညီ ထိုင်းဘက်မှ အဆိုပါ အဖွဲ့သည်လည်း မြန်မာအလုပ်သမား အရေးကို ကူညီဆောင်ရွက် ပေးနေမှုများသည် တူညီလျက်ရှိသည့် အတွက် ၎င်းတို့အနေဖြင့် ယခုလို လာရောက်၍ အလွတ်သဘော အရ သော်လည်းကောင်း၊ ချစ်ခင်ရင်းနှီးမှု အရသော်လည်းကောင်း လာရောက်၍ တွေ့ဆုံတာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် CNCMC မှ ကော်မတီဝင် ဦးစည်သူမောင်မှ ပြီးခဲ့သော ရက်အနည်းအငယ်က ထိုင်းနိုင်ငံ မဲဆောက်မှ နခွန်စ၀မ်ပြည်နယ်၊ ဖယုဟခီလိမြို့နယ် အတွင်းရှိ စက်ရုံတစ်ရုံတွင် ကရင်အမျိုးသား တစ်ဦးမှ မြန်မာနိုင်ငံ၊ ဖြူးမြို့၊ ဗိုလ်ချုပ်ရပ်ကွက်နေ အမျိုးသမီး(၂)ဦး နှင့် အမျိုးသား(၄)ဦး စုစုပေါင်း (၆)ဦးအား တရားမ၀င် လူကုန်ကူး၍ ဘတ်ငွေ(၂)သောင်းထုတ်ယူပြီး ထားရှိခဲ့ရာ အဆိုပါ (၆)ဦးမှာ လုပ်ငန်းခွင် ၀င်နေရပြီးနောက် စားဝတ်နေရေး အခက်အခဲများ ရှိကြောင်း နှင့် အလုပ်ရှင်၏ ဆူပူကြိမ်းမောင်း ခြိမ်းခြောက်မှုများကို မခံနိုင်သည့်နောက် တာချီလိတ်မြို့ CNCMC ကော်မတီထံ သို့ ဖုန်းဆက်၍ အကူအညီတောင်းခံလာသည့် ကိစ္စရပ်ကို အရေးတကြီး ဆွေးနွေးသည်။

CNCMC မှ ကော်မတီဝင် ဦးစည်သူမောင်၏ ဆွေးနွေးတင်ပြမှုသည် Mekong Minority Foundation မှလည်း CNCMC နည်းတူ တိုင်ကြားချက်ကို လက်ခံရရှိထားပြီးထားဖြစ်သည့်အတွက် အတူပူးပေါင်း ကယ်ဆယ်ဆောင်ရွက်ပေးလိုကြောင်း ပြောကြားပြီး တစ်ချိန်တည်းမှာပင် နခွန်စ၀မ်ပြည်နယ်၊ ဖယုဟခီလိမြို့နယ် အတွင်းရှိ သက်ဆိုင်ရာဌာနများသို့ ချိတ်ဆက်၍ အလုပ်ရုံသို့ သွားရောက်စုံစမ်းစေခဲ့ပြီး ညနေ(၃း၃၅)နာရီအချိန်တွင် မြန်မာအလုပ်သမား အမျိုးသမီး (၂)ဦးအား ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား(၄)ဦးအား ဆက်လက်၍ တရားဥပဒေအရ တာဝန်ရှိသူများထံ လာရောက် အပ်နှံပေးရန် အလုပ်ရှင်အား ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~