လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကျော် (အသက် ၁၀နှစ်အရွယ်ခန့်က)ပင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံ ပထုန်ထာနီမြို့တွင် အိမ်ထောင်ရက်သား ကျနေထိုင်ပြီးနောက် ကျန်းမာရေးချို့ယွင်းလာသည့် အတွက် ခင်ပွန်းဖြစ်သူမှ စွန့်ပစ်ခံရကာ မယ်ဆိုင်မြို့သို့ရောက်ရှိလာပြီး လမ်းဘေးတွင်ဖြစ်သလို နေထိုင်လျှက်ရှိသော မနန်းလာ (အသက် ၃၈နှစ်)အား ကူညီစောင့်ရှောက်ပေးပါရန် မယ်ဆိုင်မြို့ တာဝန်ရှိသူများမှ တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC ) ထံသို့ စက်တင်ဘာလ (၃၀)ရက်နေ့က အကြောင်းကြားလာခဲ့ရာ CNCMC ကော်မတီဝင်များဖြစ်ကြသည့် ဦးစည်သူမောင် ၊ ဦးအောင်ဖြိုးရှိန် နှင့် ဦးသန်းထွန်းတို့မှ မနန်းလာအား ယာယီစောင့်ရှောက်ထားသည့် မယ်ဆိုင်မြို့သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မနန်းလာမှာ ကျန်းမာရေးချို့ယွင်းလျှက်ရှိကာ အကြားအာရုံနှင့် မှတ်ဥာဏ်ချို့ယွင်းလျှက်ရှိပြီး ၎င်း၏ အလုပ်သမား မှတ်ပုံတင်နှင့် ပါတ်စ်ပို့စ်တို့တွင် ရှမ်းပြည်နယ် ၊ ကွန်ဟိန်းဟု ဖော်ပြထားသော်လည်း ၎င်းမှာ တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် နေထိုင်ခဲ့ပြီး ဆွေမျိုးများရှိကြောင်း ပြောကြားချက်အရ အောက်တိုဘာလ (၃)ရက်နေ့တွင် CNCMC ကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စုတွင် ၎င်း၏ ဆွေမျိုးများအား သွားရောက် ရှာဖွေစုံစမ်းသော်လည်း တိကျရေရာမှုမရှိဖြစ်ခဲ့ပြီး အောက်တိုဘာလ(၄) ရက်နေ့တွင် မယ်ဆိုင်မြို့ပြည်သူ့ဆေးရုံမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။
မနန်းလာအား တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားပြီး ဆေးဝါးကုသပေးလျှက်ရှိကာ ယနေ့ အောက်တိုဘာလ(၅) ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် CNCMC ကော်မတီဝင်များက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ ကျပ်နှစ်သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြသည်။
မနန်းလာမှာ ကျန်းမာရေးချို့ယွင်းပြီး မှတ်ဥာဏ်နှင့် အကြားအာရုံချို့ယွင်းနေလျှက်ရှိရာ လတ်တလော ကျန်းမာရေးအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြုစုကုသပေးလျှက်ရှိသည်။
၎င်း၏ မိဘဆွေမျိုးများနှင့် အဆက်အသွယ်ရရှိရန် စုံစမ်းဆောင်ရွက်လျှက်ရှိပြီး အကယ်၍ စုံစမ်းမရပါက ၎င်း၏နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက်ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် CNCMC ကော်မတီတို့မှညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။