ထိုင်းနိုင်ငံ နခွန်စ၀မ်တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၆)ဦးအား CNCMC နှင့် MMF တို့မှ ပူးပေါင်းကာ ကူညီကယ်ဆယ်နိုင်ခဲ့

ထိုင်းနိုင်ငံ နခွန်စ၀မ်တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၆)ဦးအား CNCMC နှင့် MMF တို့မှ ပူးပေါင်းကာ ကူညီကယ်ဆယ်နိုင်ခဲ့
အောက်တိုဘာ 19, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ( CNCMC ) မှ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော ကော်မတီဝင်များနှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ Mekong Minority Foundation (MMF) မှ အဖွဲ့ဝင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးကိစ္စရပ်များနှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် အလွတ်သဘော အရ တွေ့ဆုံဆွေးနွေးခဲ့စဉ်က  ယခုလက်ရှိ ထိုင်းနိုင်ငံ နခွန်စ၀ပ်ပြည်နယ်၊ ဖယုဟခိလိမြို့နယ်ရှိ မြေသြဇာဖြန့်ဖြူးရေး အလုပ်ရုံတွင် မြန်မာနိုင်ငံသား (၆)ဦးတို့ကို ပွဲစားဖြစ်သူမှ အလုပ်ကောင်းသည်ဟု ပြောဆိုစည်းရုံးကာ မဲဆောက်မှ ခေါ်ဆောင်လာပြီး လုပ်အားခများကို ကြိုတင်ထုတ်ယူ ခေါင်းပုံဖြတ်ခံခဲ့ရသည့် ကိစ္စရပ်များကို နှစ်ဖက်ပူးပေါင်းကာ ကူညီ ကယ်ဆယ်နိုင်ရေးအတွက် အပူတပြင်း ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် CNCMC ကော်မတီမှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းဝင်း၏ လမ်းညွှန်ချက်အရ MMF မှ အလုပ်အမှုဆောင် ရှေ့နေ့ Mr.Chatare အနေဖြင့် နခွန်စ၀မ်ပြည်နယ် အလုပ်သမား စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးရုံးသို့ ချက်ခြင်း ဆက်သွယ်စေကာ မြေသြဇာဖြန့်ဖြူးရေး ဆိုင်ရှိ နိုင်မည့် နေရာအား ပူးပေါင်းစုံစမ်း ရှာဖွေ၍ စစ်ဆေးကာ တာဝန်ရှိသူ အဆင့်ဆင့် သွားရောက်စေခဲ့ကြသည်။

ထိုနေ့ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဗိုလ်ချုပ်ရပ်ကွက်မှ မအိမွန် အသက်(၂၉)နှစ် နှင့် ဒေါ်လှ အသက်(၄၇)နှစ်တို့အား အလုပ်ရုံဝန်း အတွင်းမှ ခေါ်ဆောင်နိုင်ခဲ့ပြီး နခွန်စ၀မ်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနမှ တာဝန်ရှိတို့သည် ဘေးကင်းလုံခြုံစိတ်ချရသည့်နေရာတွင် ထိန်းသိမ်းနိုင်ခဲ့ကြသည်။

(  အောက်တိုဘာလ (၁၄)ရက်နေ့ က CNCMC နှင့် MMF တို့ တွေ့ဆုံစဉ် )

အလုပ်ရှင်မှ တာဝန်ရှိသူများအား ကျန်ရှိသည့် အလုပ်သမား (၄)ဦးတို့သည် အလုပ်မှ မပြန်လာသေးကြောင်း ပြောကြားလာရာ အလုပ်မှ ပြန်ရောက်ချိန်တွင် တာဝန်ရှိသူများထံသို့ သတင်းပို့ရန် အလုပ်ရှင်အား ဖိအားပေးခဲ့ရာ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ကျန်ရှိသည့် အလုပ်သမားများဖြစ်ကြသည့် ကိုငြိမ်းလွင်ဦး(၃၃)နှစ်၊ မောင်ပြည့်စုံအောင်(၁၈)နှစ်၊ မောင်ကျော်ကျော်ဖြိုး (၁၅)နှစ် နှင့် မောင်ဝေဖြိုးအောင် (၁၅)နှစ် တို့ကို တာဝန်ရှိသူများမှ လမ်းဘေးတစ်နေရာ၌ သွားရောက် ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ (၆)ဦးမှာ မည်သည့် အထောက်အထား တစ်စုံတစ်ရာမှ မရှိသည့် တရားမ၀င် အလုပ်သမားများဖြစ်ကြောင်း နှင့် ၎င်းတို့၏ သဘောထားများအရ ပဲခူးတိုင်း၊ ဖြူးမြို့သို့သာ ပြန်လိုကြောင်း CNCMC  ကော်မတီသို့ တင်ပြလာခဲ့သည်။

(  အောက်တိုဘာလ (၁၄)ရက်နေ့ က CNCMC နှင့် MMF တို့ တွေ့ဆုံစဉ် )

CNCMC  ကော်မတီအနေဖြင့် ထိုင်းနိုင်ငံချင်းရိုင်း အတွင်းသာ ကူညီကယ်ဆယ်ခွင့်သာရှိပြီး MMF တို့နှင့် ပူးပေါင်းကာ အဆိုပါ မြန်မာနိုင်ငံသား (၆)ဦးအား နခွန်စ၀မ်မှ တဆင့် မယ်ဆိုင် - တာချီလိတ်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သော်လည်း လမ်းခရီးအကွာအဝေး အခက်အခဲအရ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နခွန်စ၀မ်ပြည်နယ် လ၀က မှ မော်တော်ယာဉ်ဖြင့် တစ်ခရိုင်၊ မဲဆောက်မြို့သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ည(၇)နာရီအချိန်တွင် မြ၀တီမြို့ (၉၉၉) ငြိမ်းချမ်းရေးဂိတ်မှတဆင့် ရောက်ရှိပြီဖြစ်ကြောင်း မအိမွန်မှ CNCMC ကော်မတီသို့ ဖုန်းဖြင့် အကြောင်းကြားလာကြောင်း သိရသည်။

ယခုလို ထိုင်းနိုင်ငံအတွင်း အခက်အခဲ ဖြစ်ပေါ်ခဲ့ရသည့်ကိစ္စ နှင့် ပတ်သက်၍ "ထိုင်းဘက်ကို ပြန်မသွားတော့ဘူး၊ ကျွန်တော်တို့ မြ၀တီမှာ (၂)ရက်လောက် နေပြီးရင် ဖြူးကိုပဲ ပြန်တော့မယ်၊ တာချီလိတ်ဘက်ကနေပြီး အဝေးကြီးကို လှမ်းပြီး ကူညီပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ.."ဟု မအိမွန်၏ အမျိုးသားဖြစ်သူ ကိုငြိမ်းလွင်ဦးက  တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

နခွန်စ၀မ်ပြည်နယ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ကီလိုမီတာ (၂၄၀) အကွာတွင် တည်ရှိပြီး CNCMC  အနေဖြင့် ယခုလို ကူညီပေးနိုင်မှုသည် ဒုတိယအကြိမ် (အဝေးဆုံးကူညီမှု)ဖြစ်သည်။ CNCMC  ကော်မတီသည် ချင်းရိုင်းခရိုင်အတွင်းသာ လိုက်လံကူညီ ဖြေရှင်းပေးနိုင်ခွင့်သာ ရှိပြီး ယခုကဲ့သို့ ဝေးကွာလွန်းသော ခရိုင်/ပြည်နယ်များသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများ၏ အခက်အခဲများကို လက်လှမ်းမီသမျှ နီးစပ်ရာ ထိုင်းနိုင်ငံ အတွင်းရှိ NGO များ နှင့် ချိတ်ဆက်ကာ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ စည်သူမောင်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~