ရှမ်းပြည်နယ် (အရှေ့ပိုင်း) သံလွင်အရှေ့ခြမ်းဒေသတွင် အဓိက မှီတင်းနေထိုင်ကြသည့် အာခါတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးခြင်းအား အဓိကထား ဆောင်ရွက်ကြလေ့ရှိရာ အာခါရိုးရာပြက္ခဒိန်အရ "ရဲခူလ"ခေါ် စက်တင်ဘာလသည် တောင်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ ပြီးဆုံးကာ အသီးအနှံများ သီးပွင့်မှုမဖြစ်ပေါ်မီ တောင်ယာလုပ်ငန်းခွင်တွင် ပင်ပန်းနွမ်းနယ်ခဲ့မှုများအား အပန်းဖြေရင်း အားလပ်သော အခါသမယဖြစ်သည်နှင့်အညီ "လာချိုအားဖေ" ခေါ် အာခါရိုးရာ ဒန်းစီးပွဲအား ဆင်နွှဲကြသော အခါသမယလည်းဖြစ်ပေသည်။
"ကျွန်တော်တို့ အာခါတိုင်းရင်းသားများမှာ မီလ်ချေး ၊ ချေ့မူ ၊ အားညီ ၊ အားဂျော စသည်ဖြင့် မျိးနွယ်စုပေါင်း(၄၀)ကျော်ရှိပါတယ်။ အာခါဆိုတဲ့ ဝေါဟာရကတော့ ဘက်မလိုက်သော၊ သဟဇာတ ဖြစ်အောင် နေတတ်သောလူမျိုးလို့ အဓိပ္ပါယ်ရရှိပါတယ်။ ကျေးရွာတစ်ရွာ တည်တော့မယ်ဆိုရင် မျိုးနွယ်စု တစ်စုထဲက တည်လို့မရပါဘူး၊ အနည်းဆုံး မျိုးနွယ်စု (၃)စု စုပေါင်းပြီးတော့မှ တည်ရပါတယ်။ ဒီလိုတည်ရာမှာလဲ ဒန်းစင် တည်ဆောက်ရန်နေရာကို မပါမဖြစ် ထည့်သွင်းရွေးချယ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မျိုးနွယ်စု (၃)စုထဲမှာ ပထမအင်အားအကြီးဆုံး မျိုးနွယ်က ဒန်းစင် တည်ဆောက်ဖို့ တိုင်(၄)တိုင် ၊ ဒုတိယအင်အားကြီးတဲ့ မျိုးနွယ်စုက နွယ်ကြိုး ၊ တတိယမျိုးနွယ်စုက ဒန်းစင်ပေါ်က ထုပ်တန်းတို့ကို တာဝန်ယူရပါတယ်။ အဓိပ္ပါယ်ကတော့ စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်တာပဲဖြစ်ပါတယ်။ ဒန်းစီးပွဲတော်ဟာ အာခါရိုးရာဓလေ့မှာ လွတ်လပ်ပျော်ရွှင်မှု အရှိဆုံး ပွဲဖြစ်သလို ဒီပွဲတော်မှာ စည်းလုံး ညီညွတ်ခြင်းကို ပြသလို ကျေးရွာအတွက် လိုအပ်တဲ့ စည်းကမ်းတွေကို ရွေးချယ်အတည်ပြုတဲ့ ပွဲလည်းဖြစ်ပါတယ်.."ဟု စက်တင်ဘာလ (၁၇)ရက်နေ့က တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ၊ နမ့်လုတ်(အာခါ)ရွာတွင် ကျင်းပပြုလုပ်ခဲ့သော အာခါရိုးရာဒန်းစီးပွဲတော်တွင် တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဦးအားလယ်မှ ရိုးရာ ဓလေ့များအား ရှင်းလင်းပြောပြသည်။
ဆက်လက်ပြီး ၎င်းမှ "စက်တင်ဘာလအတွင်း ကျေးရွာအလိုက်သင့်တော်သလို ရက်ရွေးချယ်ပြီး (၄)ရက်တိုင်တိုင် ဆင်နွှဲကြပါတယ်။ ပွဲပြီးသွားပြီဆိုရင် ဒန်းကိုမည်သူမှ စီးနင်းခွင့်မရှိတော့ပါဘူး ၊ အကယ်လို့ မတော်တဆစီးမိခဲ့ရင် ခလေး လူကြီး၊ ကျား-မ မခွဲခြားပဲ ကျေးရွာကိုပြန်လည် တောင်းပန်တဲ့ပွဲ ကျင်းပပြီး မင်္ဂလာပြန်ယူပေးရပါတယ်၊ ဒန်းစီးပွဲတော် ပထမနေ့မှာ "ဂျေးမား"လို့ခေါ်တဲ့ ကျေးရွာမှာ သိက္ခာသမာဓိအရှိဆုံးပုဂ္ဂိုလ်က စတင်စီးနင်း မင်္ဂလာယူပြီးမှ ကျန်လူများစီးနင်းခွင့်ရှိပါတယ်။ ခလေး-လူကြီး-လူမျိုး ဘာသာမခွဲခြားပဲ အားလုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် စီးနင်းကြပြီး တနည်းအားဖြင့် အမျိုးသားများကို သူရဲကောင်းရွေးချယ်ပွဲလည်းဖြစ်ပါတယ်"ဟု ရှင်းလင်းပြောပြသည်။
အာခါရိုးရာ ယဉ်ကျေးမှုတွင် ကျေးရွာအုပ်ချုပ်ရေး ကဏ္ဍအား ဂျွေးမား ၊ ဖီးမား ၊ ညီးဖာ စသည့် အကြီးအကဲသုံးဦးမှ ရပ်ရွာ၏ အုပ်ချုပ်ရေး၊ ဘာဘာရေး ဓလေ့ထုံးတမ်းနှင့် ကျန်းမာရေးဆိုင်ရာများအား ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ထိန်းသိမ်း စောင့်ရှောက်လျှက်ရှိကြသည်။
အာခါရိုးရာဒန်းစီးပွဲတွင် မိတ်ဆွေဖွဲ့စကား ၊ ဆုံးမစကားနှင့် ကျေးဇူးတင်စကားများအား ထုံးတမ်း စဉ်လာအတိုင်း အစီအစဉ် အလိုက်ပြောကြားကြကာ သားသမီး ရတနာထွန်းကားရေး ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်ကာ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန် ဘိုးဘွားများအား တိုင်တည် ဆုတောင်းကြကာ ကျန်းမာရွှင်လန်းပါစေဟု အဓိပ္ပါယ် ဖော်ဆောင်သော "အိုးလိုချော်" ဟူသည့် ဆုတောင်းသံများအား သံပြိုင်သီဆိုကြကာ တပျော်တပါး ဒန်းစီးပျော်ပါးနေမှုအား သံလွင်အရှေ့ခြမ်းဒေသမှ ရိုးသားဖြူစင်သော အာခါတိုင်းရင်းသားတို့၏ ဒန်းစီးပွဲတော်အား မှတ်တမ်းပြု ရေးသားလိုက်ရပါတော့သည်။
ဆောင်းပါး ။ ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်