မြို့သန့်ရှင်းရေး ၀န်ထမ်း (၂၁)ဦးအား ဂုဏ်ပြုဆုအဖြစ် ဖုန်းနှင့်ဖုန်းကတ်များ ချီးမြှင့်

မြို့သန့်ရှင်းရေး ၀န်ထမ်း (၂၁)ဦးအား ဂုဏ်ပြုဆုအဖြစ် ဖုန်းနှင့်ဖုန်းကတ်များ ချီးမြှင့်
စက်တင်ဘာ 24, 2014
By Tachileik News Agency

တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တလျှောက်  နေ့စဉ်နှင့်အမျှ အ၀ါရောင် အမှတ်သင်္ကေတ အင်္ကျီလေးများကို ၀တ်ဆင်၍ အချိန်သုံးပိုင်းခွဲကာ အမှိုက်လှဲနေကြသည့် စည်ပင်သာယာရေးဌာန၏ သန့်ရှင်းရေး နေ့စားဝန်ထမ်းများသည် တစ်ရက်လျှင် နေ့စားအဖြစ် ဘတ်(၁၀၀)မပြည့်သည့် ကျပ်(၃၀၀၀)သာ ရရှိသော်လည်း မြို့သန့်ရှင်းရေးအတွက် မညည်းမညူ ဆောင်ရွက်ကြပြီး ပြီးခဲ့သော ရေကြီးရေလျှံမှုတွင် တင်ကျန်နေခဲ့သော ရွှံ့နွံနှင့်နုန်းများအား တက်ကြွစွာ ပါဝင် ရှင်းလင်းခဲ့ကြသည့် အတွက် ၎င်းတို့အား စည်ပင်သာယာရေး ကော်မတီ နှင့် စေတနာရှင်များက wcdma ဖုန်းတစ်ကတ်စီနှင့် ဟန်းစက်တစ်လုံးစီအပြင် ထမိန်တစ်ကွင်းစီကို ဂုဏ်ပြုဆုအဖြစ် သန့်ရှင်းရေး ၀န်ထမ်း(၂၁)ဦးအား ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၄)ရက် ညနေ(၄)နာရီအချိန်က တာချီိလိတ်စည်ပင်သာယာရေးဌာနရုံးတွင် ပေးအပ်ခဲ့ကြသည်။

ပန်းဥယျာဉ်သန့်ရှင်းရေး ၀န်ထမ်း နှင့် မြို့သန့်ရှင်းရေး(အမှိုက်လှဲ)၀န်ထမ်း (၂၁)ဦးအား မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင်၏ အစီအစဉ်​ဖြင့်​ WCDMA ဖုန်းကဒ်​ (၂၁)ကဒ်​ကို ဆုအဖြစ် ချီးမြှင့်ရာ ဟန်းစက်များကို စေတနာရှင်များဖြစ်သည့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ (၅)လုံး၊ စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုးမှ (၅)လုံး၊ မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ (၆)လုံး၊ သူရိယ သင်္ကန်းတိုက်မှ (၅)လုံး စုစုပေါင်း ဟန်းဆက်(၂၁)လုံး နှင့် ဖုန်းကတ်(၂၁)ကတ်တို့အား အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ချီးမြှင့်ခြင်း နှင့် ပတ်သက်၍  မြို့သန့်ရှင်းရေး(အမှိုက်လှဲ)၀န်ထမ်းတစ်ဦးမှ အတိုင်းမသိ ၀မ်းသာကြောင်း နှင့် ကျေးဇူးတင်ကြောင်းကို ၀မ်းသာဝမ်းနည်း ပြောရှာသည်။

ယခုလို နေ့စားသန့်ရှင်းရေး ၀န်ထမ်းများကို ပေးအပ်ချီးမြှင့်မှုမျိုးသည် ယခင်က မရှိခဲ့ဖူးသည့်အတွက် သန့်ရှင်ရေးဝန်ထမ်းများမှာ ၎င်းတို့အား တရေးတယူ ဂရုစိုက်ပေးသည့် အတွက် ၀မ်းနည်းဝမ်းသာ ဖြစ်နေကြသည်ကိုလည်း တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
မြို့သန့်ရှင်းရေး ၀န်ထမ်း (၂၁)ဦးအား ဂုဏ်ပြုဆုအဖြစ် ဖုန်းနှင့်...

31 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~