တာချီလိတ်မြို့အတွင်းသို့ ရေများဖြန့်ဝေပေးနိုင်ရန်အတွက် နမ့်ဖလောက်ရေကာတာအား တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်း နှင့် တာချီလိတ် - မိုင်းဆတ်သွား လမ်းအနီးတွင် တည်ဆောက်ခဲ့ပြီး တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေများ ဖြန့်ဝေပေးလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၄ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က မိုးရွာသွန်းမှုနှင့် အတူ တောင်ကျရေများကြောင့် ရေကြီး ရေလျှံဖြစ်ပွားမှု နှင့် နုန်းများတင်ကျန်နစ်မြှုပ်မှု ခံရသည့် အထဲတွင် နမ့်ဖလောက် ရေကာတာလည်း အပါအ၀င်ဖြစ်ရာ ရေကြီး နုန်းတင်မှုများကြောင့် ရေကြီးမှုဖြစ်သည့် နေ့မှစ၍ ယနေ့ စက်တင်ဘာလ (၁၀)ရက် နေ့အထိ ရေများဖြန့်ဝေပေးနိုင်ခြင်း မပြုနိုင်သေးသည်မှာ အဆိုပါရေကာတာအတွင်း နုန်းများတင်ကျန်နေမှုကြောင့် ဖြစ်ကြောင်း သိရသည်။
နမ့်ဖလောက် ရေကာတာအတွင်း နုန်းများဝင်ရောက်၍ နစ်မြှုပ်နေမှုကြောင့် ပျက်စီးသွားသည့် နေရာများအား ပြုပြင်မွမ်းမံများ နှင့် နုန်းများအမြန်ဆုံး ဆယ်ယူနိုင်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၁၀)ရက် နေ့လည်(၁၁)နာရီအချိန်က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့သည် အဆိုပါ ရေကာတာသို့ သွားရောက် စစ်ဆေးပြီး မြို့အတွင်းသို့ ရေများ အမြန်ဆုံး ဖြန့်ဝေပေးနိုင်ရန် အတွက် ပြုပြင်မွမ်းမံမှုများနှင့် နုန်းဆယ်ယူမှုကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန် စည်ပင်သာယာပိုင် ဘက်ဟိုးအပြင် လိုအပ်သည့် ဘက်ဟိုးများ ငှားရမ်းနိုင်ရန်အတွက် စီမံညွှန်ကြားခဲ့သည်။
စည်ပင်မှ ဖြန့်ဝေပေးနေသော ရေကို အသုံးပြုနေသူများအား အမြန်ဆုံး ပြန်လည်ဖြန့်ဝေပေးနိုင်ရန်အတွက် အဆိုပါ ရေကာတာအား ပြုပြင်နိုင်မှုကို (၄)ရက်ခန့် သတ်မှတ်ထားသော်လည်း အမြန်ဆုံးပြုပြင်မှု ပြီးစီးနိုင်ရန် ပူးပေါင်းဆာင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုလို ရေကြီးမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် တာချီလိတ် - မိုင်းဆတ်သွား မော်တော်ကား လမ်းပေါ်ရှိ ရေကာတာအနီး တံတားခန့်မှန်းပေ (၃၀)ခန့်တစ်စင်း နှင့် ၎င်းလမ်းပေါ်ရှိ တာချီလိတ်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး ပေ(၂၀)ခန့်ရှိ တံတား(၁)စင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ရာ လတ်တလောတွင် မိုင်းဆတ်ဘက်မှ ၀င်ရောက်လာမည့် ကားများအနေဖြင့် အဆိုပါ လမ်းမှ ၀င်ရောက်ရန် အခက်အခဲဖြစ်ပေါ်သော်လည်း လတ်တလောတွင် မိုင်းဆတ် - တာချီလိတ် ပတ်လမ်းမှ တဆင့် ၀င်ရောက် သွားလာနိုင်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်