ဖင်လန်နိုင်ငံ အခြေစိုက် Environment Online (ENO)အဖွဲ့သည် ဘရားဇီးနိုင်ငံ ရီယို +၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၇ခုနှစ်၌ ပျိုးပင်ပေါင်း သန်း(၁၀၀)စိုက်ပျိုးရန် ကတိက၀တ်ပြုထားမှုအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့်လည်း ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပြုလုပ်မည့် Treelympics သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပါဝင်ရန်အတွက် ထပ်မံကမ်းလှမ်းလာသည့် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဟိကျေးရွာရှိ အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်တွင် ယနေ့ နံနက် (၉)နာရီအချိန်က တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပျိုးပင်အမျိုးအစား (၁၂)မျိုးပါဝင်သည့် အပင်ပေါင်း (၅၄၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။
တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာလ(၂၂)ရက်တွင် မိုးရာသီ "Special Tree Planting Ceremony" သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပြုလုပ်ရာမှာ အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်မှူးလှိုင်ထွန်းနှင့် အရာရှိ၊ အရာခံ စစ်သည်များ နှင့် စစ်သည်မိသားစုများ၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးထွန်းတင် ဦးဆောင်သည့် သစ်တောအဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း နှင့် ရွာသူရွာသားများ၊ မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် အလင်းရောင်ပရဟိတအသင်း စုစုပေါင်း အင်အား (၁၅၀)ခန့်မှ သဘာဝ စိမ်းလန်းစိုပြေစေရေးအတွက် တက်ကြွစွာဖြင့် စုပေါင်းစိုက်ပျိုးကြသည်။
သစ်ပင်များအား မစိုက်ပျိုးမီတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးထွန်းတင်က " ဖင်လန်နိုင်ငံ အခြေစိုက် Environment Online (ENO)အဖွဲ့က ဘရာဇီးနိုင်ငံ ရီယို+၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ၂၀၁၇ခုနှစ်မှာ ပျိုးပင်ပေါင်း သန်း(၁၀၀)စိုက်ပျိုးရန် ကတိက၀တ်ပြုထားမှုများကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၇ခုနှစ်တွင် သစ်ပင်(၀.၅)သန်း သို့မဟုတ် (၁)သန်း စိုက်ပျိုးခြင်းဖြင့် ပါဝင်မည်ဖြစ်ကြောင်းကို အကြောင်းပြန်လိုက်သည့်အတွက် အဆိုပါအဖွဲ့အနေဖြင့် ၀မ်းမြောက်စွာဖြင့် လက်ခံပြီးနောက် ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့မှာ ပြုလုပ်မည့် Treelympics သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ထပ်မံ ကမ်းလှမ်းလာသည့်အတွက် ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့မှာ မိုးရာသီလှုပ်ရှားမှု အနေဖြင့် ယခုလို ဟောပြောပွဲများ၊ ပြခန်းများ ပြုလုပ်ပြသပြီး လူမှုရေးအသင်းအဖွဲ့များနဲ့ ပူးပေါင်းကာ သစ်ပင်များ စိုက်ပျိုးတာဖြစ်ကြောင်း" တက်ရောက်လာသည့် ဧည့်သည်တော်များအား ရှင်းလင်းပြောကြားသည်။
မိုးရာသီ "Special Tree Planting Ceremony" သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ယနေ့ စက်တင်ဘာလ(၂၂)ရက်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များမှာ အော်ရီရှား (၉၅)ပင်၊ ကုက္ကို (၂၅)ပင်၊ ပိုးမဲဇာ အပင်(၅၀)၊ စွယ်တော် အပင်(၅၀)၊ ပင်စိမ်း (၉၅)ပင်၊ သစ်ဆိမ့် အပင်(၁၂၀)၊ ပနားမားငု အပင်(၁၀၀)၊ ပျဉ်းကတိုး (၁)ပင်၊ မဟော်ဂနီ (၁)ပင်၊ ကံ့ကော် (၁)ပင်၊ ခရေ (၁)ပင် နှင့် ပိတောက် (၁)ပင် စုစုပေါင်း အပင်အမျိုးအစား (၁၂)မျိုးဖြစ်ပြီး အရေအတွက်အနေဖြင့် အပင်ပေါင်း (၅၄၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၄ခုနှစ် အတွင်း ဇွန်လ(၅)ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် သစ်ပင်ပေါင်း (၄၀၀)၊ ဇွန်လ(၂၇)ရက်နေ့တွင် ကမ္ဘာ့သစ်ပင်များနေ့ အဖြစ် သစ်ပင် (၁၀)မျိုးပါဝင်သည့် အပင်ပေါင်း( ၃၀၀ )နှင့် ဇူလိုင်လ(၁၂)ရက်တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အဖြစ် အပင်ပေါင်း (၁၀၀၀)၊ အပြင် ယနေ့ စက်တင်ဘာလ(၂၂)ရက်တွင် မိုးရာသီ "Special Tree Planting Ceremony" သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် စိုက်ပျိုးသည့် သစ်ပင်ပေါင်း (၅၄၀)အပါအ၀င် ၂၀၁၄ခုနှစ် (၉)လတာ ကာလအတွင်း အပင်ပေါင်း (၂၂၄၀)ပင် စိုက်ပျိုးထားပြီးကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်