၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မိုးကြီးစွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်လုံး အဆိုးရွားဆုံး ရေကြီးမှုအဖြစ် ဖြစ်ပေါ်ခဲ့ပြီးနောက် ရေဘေးကယ်ဆယ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်လျက်ရှိရာ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှု အစုစုတို့အား တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တဆင့်လက်ခံနေပြီး သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ပြန်လည်၍ ဝေငှလှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြသည်။
ရေဘေးကယ်ဆယ်ရေးနှင့် ထောက်ပံ့ပေးအပ်မှုများနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ မဇ္ဇျိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေထံ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စေတနာ နာရေးကူညီမှု အသင်းမှ ဆန်(၁၀)အိတ်၊ စေတနာ နာရေးကူညီမှုအသင်း (ချင်းမိုင်)မှ စည်ရုံးရေးမှူး ဒေါ်ဖောသီ မှ ဆန်(၁)အိတ်၊ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ကရုဏာနာရေးကူညီမှုအသင်း မှ ဆန်(၃)အိတ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော် (မယ်ဆိုင်)မှ ဆန်(၃)အိတ် နှင့် မယ်ဆိုင် လ.၀.ကမှ မစု မှ ဆန်(၁) အိတ် အပါအ၀င် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ဦးမျိုးဝင်း + ဒေါ်ရီရီခင် ( ဇင်းမယ် အထည်ဆိုင် )မှ တစ်ထည်လျှင် ထိုင်းဘတ်ငွေ (၁၀၀)ဘတ် တန်ဖိုးရှိသည့် အထည်(၁၃၀)တို့ကို ပေးအပ်လှူဒါန်းလိုကြောင်း ဆက်သွယ်လာသည့်အတွက် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၇)ရက် ည(၆)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေဦးစီးဌာနရုံးတွင် မဇ္ဇျိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ ဦးဆောင်၍ ဇင်းမယ် - အထည်ဆိုင်မိသားစုတို့မှ လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ရေဘေးသင့် ပြည်သူများကိုယ်စား ၀မ်းမြောက်စွာ လက်ခံခဲ့ကြသည်။