တာချီလိတ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး နှင့်အဖွဲ့မှ လှည့်လည် စစ်ဆေး

တာချီလိတ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး နှင့်အဖွဲ့မှ လှည့်လည် စစ်ဆေး
စက်တင်ဘာ 20, 2014
By Tachileik News Agency

ယနေ့ စက်တင်ဘာလ(၂၀)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း နှင့် အဖွဲ့သည် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး တာချီလိတ်၌ ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာလ(၂၀)ရက် ညနေ(၅း၁၀)နာရီအချိန်၌ အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ပုန်းထွန်ရပ်ကွက် နှင့် နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအပါအ၀င်၊ နယ်စပ်တံတား အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

( ပုန်းထွန် ၀ါးဆိပ်သို့ စစ်ဆေး )

ထိုသို့ သွားရောက် စစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း (ညွှန်ကြားရေးမှူး) နှင့် ပြည်နယ်/မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များ စသည့်အဖွဲ့မှ ည(၆း၀၇)နာရီအချိန်ထိ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

( ပုန်းထွန် ၀ါးဆိပ်သို့ စစ်ဆေး )

ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း နှင့် အဖွဲ့မှ လှည့်လည်စစ်ဆေးရာသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး အဖွဲ့က ရေကြီးရေလျှံမှုဖြစ်ပွားလွယ်သည့် နေရာဒေသများနှင့် ချောင်းတလျှောက် အနိမ့်ပိုင်းနေရာများ၊ ရွှေနန်းတော် ကုန်တိုက်အနီးရှိ ရေ၀င်ရောက်မှု လွယ်ကူနိုင်သည့် နေရာများအား လိုက်လံပြသ၍ ရှင်းလင်းတင်ပြသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ရေ၀င်ရောက်မှု လွယ်ကူသည့်နေရာများ၊ ပုန်းထွန်ရပ်ကွက် အလူရာလမ်းကြားနှင့် ခရိုင်လ၀ကရုံးနေရာများ၊ မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း ရွှံ့နွံများဟန့်တားထားမှု အခြေအနေများ နှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များစွာတို့ကြောင့် (၅)လက်မခန့် ရွေ့သွားသော အမှတ်(၁) ချစ်ကြည်ရေးတံတား အခြေအနေများ အပြင် ပုန်းထွန်ရပ်ကွက် ၀ါးဆိပ်တွင် ကာရံထားသော အုတ်တံတိုင်း အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

( ၅ လက်မခန့် ရွေ့သွားသော တံတားအနေအထား )

တာချီလိတ်၌ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်သည့်အခါတွင် ဦးစွာပထမ ရေများဝင်ရောက်မှုကို ခံရသည်မှာ ပုန်းထွန်ရပ်ကွက် ၀ါးဆိပ်နေရာမှဖြစ်ပြီး ဒုတိယအနေဖြင့် ရွှေနန်းတော်ကုန်တိုက်မှလည်း လွယ်ကူစွာ ၀င်ရောက်နိုင်သည် ဖြစ်ရာ ၀ါးဆိပ်နေရာရှိ အုတ်တံတိုင်းအား ခိုင်မာစွာ ခပ်မြင့်မြင့် ဆောက်လုပ်နိုင်ရန် အတွက်ကိုလည်း ဒေသအုပ်ချုပ်ရေးဆိုင်ရာများ၏ တင်ပြမှုများအရ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~