တာချီလိတ်မြို့တွင် စက်တင်ဘာလ(၆)ရက်နေ့က မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက် (၉)ရပ်ကွက်ရှိ ပြည်သူလူထု (၄၀၀၀)ကျော်မှာ ရေဘေးဒဏ်ကို ခံစားလိုက်ရသည့်အတွက် လတ်တလော ကာလအတွင်း၌ စားဝတ်နေရေးကိစ္စအား ဖြေရှင်းပေးနိုင်ရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ အ၀တ်အစားများ၊ စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ် လာသည်နှင့် အညီ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ စသည်တို့မှ စုပေါင်း ပါဝင်လှူဒါန်းလာသော စားနပ်ရိက္ခာများအား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အလိုက် စနစ်တကျ တဆင့်ပြန်လည်ပေးအပ် ဝေငှထောက်ပံ့မှုကို စက်တင်ဘာလ(၇)ရက်နေ့မှ စ၍ ပြုလုပ်လာရာ ယနေ့ စက်တင်ဘာလ(၉)ရက်ဆိုလျှင် (၃)ရက်တိတိရှိပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ(၉)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် အဖွဲ့သည် ၀ိန်းကျောက်ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ငါးသေတ္တာဗူး နှင့် ရေသန့်ဗူးများ ကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ပေးဝေထောက်ပံ့ခဲ့ကြသည်။
ဆက်လက်၍ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ၀မ်မိုင်ရွာတွင် ရေဘေးသင့် အိမ်ထောင်စုမှာ (၃)စုသာ ရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့သည် နေအိမ်အရောက် လိုက်လံ၍ စားနပ်ရိက္ခာများ ထောက်ပံ့ဝေငှခဲ့ကြသည်။
နိုင်ငံတော်အစိုးရနှင့် စေတနာရှင် ပြည်သူများမှ လှူဒါန်းလာသော စားနပ်ရိက္ခာများအား ရေဘေးသင့် ပြည်သူ (၄၀၀၀)ကျော်၏ လက်ဝယ်သို့ တညီတညွှတ်တည်း ရောက်ရှိစေရေး အတွက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ စီမံညွှန်ကြားပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်နာဆောင်ရွက်၍ ပေးဝေနေလျက်ရှိရာ တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များအနေဖြင့် ရေဘေးသင့် ပြည်သူများအား မိမိတို့ ဆန္ဒအလျောက် သွားရောက် လှူဒါန်းနိုင်သလို၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်လည်း လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်