စက်တင်ဘာလ(၁၈)ရက်နေ့က တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ မြို့ပေါ်ရပ်ကွက် အချို့မှာ ဖြစ်ပွားခဲ့ရာ ပုန်းထွန်ရပ်ကွက် နှင့် တာလော့ ရပ်ကွက်တို့တွင် ရေနစ်မြုပ်မှုများ အနေဖြင့် (၄)ပေအထက်ထိ ရှိခဲ့သည်။
ထိုသို့ ပုန်းထွန်ရပ်ကွက် အတွင်း ရေကြီးရေလျှံ မှုများကြောင့် နေအိမ် အသီးသီး တို့တွင် ရှင်းလင်းခြင်း၊ ရွှံ့နှင့်နွံများအား ဆေးကြောခြင်း အဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ရာ ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ (၂၂)ရက် နေ့လယ် (၁၂း၁၀)နာရီ အချိန်က ပုန်းထွန်ရပ်ကွက်၊ (၄)လမ်းရှိ နေအိမ်အမှတ် (၃/၃၈)တွင် အသက်(၃၉)နှစ်ရှိ အမျိုးသား တစ်ဦး ဓါတ်လိုက်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ပုန်းထွန်ရပ်ကွက်၊ (၄)လမ်းရှိ နေအိမ်အမှတ် (၃/၃၈)တွင် အသက်(၃၉)နှစ်ရှိ ဦးစိုင်းဝန်းခမ်းသည် နေအိမ်အတွင်း ရေကြီးရေလျှံမှုကြောင့် ၀င်ရောက်နေသော ရေများအား ရေစုပ်စက်ဖြင့် စုပ်ထုတ်နိုင်ရန် မီးပလပ်အား သွားရောက်ထိုးရာမှ အစိုဓါတ်ကြောင့် ဓါတ်လိုက်ကာ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က "ဖြစ်နေတဲ့နေရာက ကျွန်တော့်အိမ်ရှေ့မှာပါ၊ အသံကြားလို့ သွားကြည့်လိုက်တော့ ရေထဲမှာ စိုင်းဝန်းခမ်းက ပလက်လန်လဲကျနေတာကို တွေ့ရတာနဲ့ ချက်ချင်းဘဲ လျှပ်စစ်မီတာမိန်းခလုတ်ကို အမြန်ချပြီး ဆွဲထူပေးပြီးတော့ ရင်ဘတ်ကို အမြန် ဖိပေးလိုက်တယ်၊ ပြီးတော့ ဆေးရုံကို အမြန်ပို့လိုက်ရတယ်..."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
စက်တင်ဘာလ(၁၈)ရက်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် ပုန်းထွန်ရပ်ကွက်အတွင်း အိမ်ခြေ စုစုပေါင်း (၃၂၅) အိမ် နှင့် အိမ်ထောင်စုဝင် စုစုပေါင်း (၅၂၇)စုမှာ ရေနစ်မြုပ်ဒဏ်ကိုခံခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ကျပ်သိန်း(၂၅၀)၀န်းကျင် ရှိကြောင်း သိရှိရသည်။
Tachileik Online News