အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ (၆)ရက်မြောက်အလွန်

အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ (၆)ရက်မြောက်အလွန်
စက်တင်ဘာ 12, 2014
By Tachileik News Agency

စက်တင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တစ်ခုကြောင့် မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်အနက် အချို့သော ရပ်ကွက်များတွင် ယနေ့ စက်တင်ဘာလ (၁၁)ရက်နေ့အထိ တင်ကျန်နေသော နုန်းများ၊ ရွှံ့နွံများအား ရှင်းလင်း၍ မပြီးသေးဘဲ ဆက်လက်၍ ရှင်းလင်းနေကြရသည်ဖြစ်ရာ ယခုဖော်ပြပါ ပုံများသည် အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ ခြောက်ရက်မြောက်အလွန် ပုံရိပ်များဖြစ်ပြီး မြင်တွေ့ရသည့် ပုံများမှာ အဓိကနေရာများတွင် နွံများ၊ နုန်းများအား ရှင်းလင်းပြီးဖြစ်သည့် မြင်ကွင်းများပဲ ဖြစ်ပါသည်။

တာချီလိတ်မြို့တွင် မိုးကာလရောက်သည့် အခါတိုင်း နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုလို ဆိုးရွားသော ရေကြီးမှုဖြစ်စဉ်မျိုးသည် တာချီလိတ်ဒေသခံများ အနေဖြင့် အံ့သြတုန်လှုပ်စရာအဖြစ် ဖြစ်ပေါ်ခဲ့ပြီး မိုးမှာ ခဏလေးရွာခဲ့သော်လည်း ရေကြီးရေလျှံမှု အရှိန်အဟုန်ကြောင့် ရေကြီးရေလျှံမှု ပြီးသည့် နောက်တစ်နေ့ မှစ၍ ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့အထိ ခြောက်ရက်တိတိအကြာ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်တို့တွင် နွံနှင့်နုန်းများအား ရှင်းလင်းဖယ်ရှားနေကြသည်ကို တွေ့ရှိခဲ့ရသည်။

ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၏ အနိမ့်ပိုင်းဖြစ်သည့် အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးနှင့် တလော့ရပ်ကွက် တို့တွင် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ စည်ပင်သာယာအဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် လှုပ်ရှား ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးဝေဂျာ နှင့် ပြည်သူ့စစ် (၄၀)ဦး၊ ရှမ်း(ရှေ့)သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် လုပ်ငန်းရှင်များ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာလော့ရပ်ကွက်သူ ရပ်ကွက်သားများဖြင့် စုပေါင်း၍ ဆောင်ရွက်နေကြတာကို တွေ့ရှိရသည်။

တာလော့ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် ရေများကျဆင်းမှု နှောင့်နှေးသည့် ကိစ္စနှင့် ပတ်သက်၍ အဓိကမှာ မြောင်းများအတွင်း အမှိုက်များ ရွှံ့နွံများ ပိတ်ဆို့နေသည့်အတွက် ရေများမှာ အမြန်ကျဆင်းမှု မရှိသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါအဖွဲ့မှ ယနေ့အပြီး မြောင်းဖော်၍ အမှိုက်များ ရွှံ့နွံများ ဆယ်ယူခဲ့ကြသည်။

"တာလော့ရပ်ကွက် အနိမ့်ပိုင်းမှာ တင်ကျန်နေတဲ့ ရွှံ့တွေ နုန်းတွေများချက်ကတော့ မြေသယ်ကားနဲ့ အစီးတစ်ရာကျော်တောင် သယ်ယူရတယ်၊ ဒီလိုဖြစ်စဉ်မျိုး ကျွန်တော့်အသက် (၄၀)ကျော်လာပြီး တစ်ခါမှ မကြုံဖူး၊ မမြင်ဖူးဘူး"ဟု တာလော့ရပ်ကွက်နေ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တာချီလိတ်မြို့တွင် ယခုလို ရေကြီး နုန်းတင်မှုမျိုး ဖြစ်ပေါ်ခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သား (၄၀၀၀)ကျော် ရေဘေးဒဏ်ခံခဲ့ရသည့်အတွက် ရေဘေးသင့် ပြည်သူများအား လတ်တလော စားဝတ်နေရေးအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသခံ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် စနစ်တကျ ပေးဝေ ထောက်ပံ့ပေးကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~