တာချီလိတ်မြို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် နီးစပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ အချို့သော ဒေသခံပြည်သူများထဲမှ ကိုယ်ဝန်ဆောင်မိခင်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ မီးမဖွားမီ ကိုယ်ဝန်အပ်နှံခြင်းများ ပြုလုပ်လေ့ရှိရာ ယခုအခါမှာ အဆိုပါ ဆေးရုံတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများအား ကိုယ်ဝန် အပ်နှံခြင်းများကို လက်ခံတော့မှာမဟုတ်ကြောင်း မယ်ဆိုင်ဆေးရုံမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။
"အခု မယ်ဆိုင်ဆေးရုံမှာ ကိုယ်ဝန်အပ်နှံတာတွေ လက်မခံတော့ပါဘူး၊ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ကတ် သို့မဟုတ် အလုပ်သမားကတ်ရှိတဲ့ မြန်မာကိုယ်ဝန်ဆောင်များနဲ့ ထိုင်းကတ်တစ်ခုခုရှိမှသာ လက်ခံပါတယ်၊ ကလေးမွေးမယ် ဆိုရင်လည်း မဖြစ်မနေအရေးပေါ်ဆိုရင် မွေးပေးသလို ကျန်တဲ့ ရောဂါသည်များကိုလည်း အရင်လို ပုံမှန်အတိုင်း လက်ခံဆေးကုသပေးနေပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဗိုက်အပ်တာကိုပဲ လက်မခံတော့တာပါ"ဟု မယ်ဆိုင်ဆေးရုံရှိ ဘာသာပြန် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးမှ တာချီလိတ်ဒေသခံများ သိရှိနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။
မယ်ဆိုင်ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်အပ်နှံမှုကို လက်မခံတော့သည့် ကိစ္စနှင့် ပတ်သက်၍ " ဆေးရုံမှာ သူနာပြုဝန်ထမ်း အင်အားမလောက်လို့ပါ၊ သူနာပြုတွေက ကျောင်းပြီးပြီးချင်း အစိုးရ၀န်ထမ်းမဟုတ်သေးပဲ ဆေးရုံဝန်ထမ်းပဲ ဖြစ်နေပါသေးတယ်၊ လုပ်သက်နည်းနည်းရပြီးမှ အစိုးရ၀န်ထမ်းဖြစ်ရတာပါ၊ အစိုးရ၀န်ထမ်း စဖြစ်ရင် နေရာပြောင်းရွှေ့ရပါတယ်၊ အခု မယ်ဆိုင်ဆေးရုံမှာ သူနာပြုပြောင်းရွှေ့တာတွေများနေပြီး အသစ်ခန့်ဖို့ စည်းမျဉ်းအသစ်တွေ ထုတ်ထားတာကြောင့် ခန့်အပ်လို့ မရသေးတာကြောင့်ပါ"ဟု ၎င်းမှ ဆက်လက် ရှင်းပြသည်။
တာချီလိတ်မြို့မှ လာရောက်သော လူနာများအနေဖြင့် ထိုင်းဘာသာစကား အခက်အခဲဖြစ်သူများအတွက် ကူညီ၍ ဘာသာပြန်ပေးနိုင်မည့် ထိုင်း - မြန်မာ ဘာသာပြန်များထားရှိ ထားပြီး ဘာသာ ပြန်ပေးသူများကိုလည်း ဘာသာပြန်ခအဖြစ် ငွေကြေးတစ်စုံတစ်ရာ ပေးရန်မလိုကြောင်း ထိုင်း - မြန်မာ ဘာသာပြန်အမျိုးသမီး တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။