၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က မိုးရွာမှုနှင့် တောင်ကျရေများကြောင့် တာချီလိတ် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရာထဲတွင် ၀မ်ကောင်းရပ်ကွက် အပါအ၀င်ဖြစ်ရာ ၀မ်ကောင်းရပ်ကွက်ထဲတွင် အကောက်ခွန်ဦးစီးဌာနရုံးတည်ရှိပြီး ရုံးအတွင်းရှိ ကုန်လှောင်ရုံအတွင်း၌ ရေများ အဆမတန် ၀င်ရောက်နစ်မြှုပ်မှုတို့ကြောင့် ပြည်သူလူထုထံမှ Mobile Team အနေဖြင့် ဖမ်းဆီးသိမ်းဆည်းထားသော ကုန်ပစ္စည်းများ ပျက်စီးမှုရှိခဲ့သည်မှာ ကျပ်ငွေဖြင့် ( ၈၇၆၅၀၂၅)သိန်း ရှိကြောင်း သိရသည်။
ရေများဝင်ရောက်နစ်မြှုပ်မှုဒဏ်ကြောင့် ဆုံးရှုံးပျက်စီးရသော ကျပ်(၈၇)သိန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများတွင် စီးကရက်မျိုးစုံ၊ ဆေးမျိုးစုံ၊ အချိုရည်မျိုးစုံ၊ မြက်ပေါင်းသတ်ဆေးများ၊ ဓါတ်မြေသြဇာများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခေါက်ဆွဲခြောက်များ နှင့် စားသုံးကုန် အမြောက်အများ ပါဝင်ကြောင်း သိရသည်။
တာချီလိတ် Mobile Team နှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့က တောင်ကြီးမှ တာချီလိတ်သို့လာသော ကားပေါ်တွင် ကျပ်ငွေ(၁၅)သိန်းကျော် တန်းဖိုးရှိသည့် ကွမ်းစားဆေးများကို တားမြစ်ကုန်ဟုဆိုကာ တာချီလိတ် Mobile Team အဖွဲ့မှ သိမ်းဆည်းထားလိုက်ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးသိမ်းဆည်း လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ရိုးသားစွာ ရောင်းဝယ်ဖောက်ကား၍ မိသားစုဝမ်းစာရှာနေရသော မိသားစုမှာ များစွာအခက်အခဲ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။
သိမ်းဆည်းခံလိုက်ရသော ကျပ်(၁၅)သိန်းတန် ပစ္စည်းများသည် ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဘောက်ချာနှင့် ဝယ်ယူခဲ့သော ကွမ်းစားဆေးပစ္စည်းများ ဖြစ်ပြီးသော်လည်း တာချီလိတ်အ၀င်တွင် ယခုလို တားမြစ်ပစ္စည်းဟု ဆိုကာ သိမ်းဆည်းလိုက်သည့်အတွက် တရားနည်းလမ်းမကျကြောင်း သိမ်းဆည်းခံရသည့် မိသားစုမှ ဆိုသည်။
"ဒီလို နယ်စပ်ဒေသမှာ Mobile Team အဖွဲ့နဲ့ တင်းတင်းကြပ်ကြပ်လုပ်နေတာဟာ ဟိုအရင်ကလို မှောင်ခိုကုန်သွယ်မှုကို လမ်းစဖော်ပေးနေသလိုဖြစ်နေပြီ၊ ထိထိရောက်ရောက် ဖြစ်ချင်တယ်ဆိုရင်တော့ လျော့လျော့ပေါ့ပေါ့လေးနဲ့ တဖြေးဖြေးကိုင်တွယ်တာက ပိုနည်းလမ်းကျလိမ့်မယ်၊ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ တာချီလိတ်ကလူတွေ မူးယစ်ဆေးဝါး အလုပ်ပဲ ထိုင်လုပ်ရမဲ့ ကိန်းဆိုက်နေပြီ"ဟု ကုန်သည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။