၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လယ် (၁၁း၃၀)နာရီခန့်က ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေး အသင်း ရုံးခန်းသို့ ကိုအားလန်ဆိုသူ ရောက်ရှိလာပြီး ချင်းရိုင်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အသက်(၆၃)နှစ်အရွယ် ဒေါ်မီအေ ကျန်းမာရေး မသက်သာလို့ ဆရာဝန်က လက်လျှော့လိုက်သည့်အတွက် ဒေါ်မီအေ ကို နေရပ်ဖြစ်တဲ့ ဖတ္တူကျေးရွာ၊ မိုင်းယောင်းမြို့နယ်ကို လိုက်ပို့ပေးစေလိုပါကြောင်း အကူအညီ တောင်းခံလာပါတယ်။
အခု ဒေါ်မီအေက ဘယ်မှာလဲညီ၊ မယ်ဆိုင်ကို ရောက်ပြီလား ဆိုတော့ မရောက်သေးပါဘူးတဲ့၊ ဆရာတို့ လိုက်ပို့ပေးမယ်ဆိုမှ ချင်းရိုင်းက ထွက်လာမှာပါတဲ့ဗျာ...။
ကျွန်တော်တို့လည်း ထုံးစံအတိုင်း အကူအညီတောင်းခံသူနဲ့ လူနာတို့ ဆွေမျိုး တော်စပ်ပုံများကို မေးမြန်းကြည့်တဲ့အခါမှာ တောင်ပေါ်တိုင်းရင်းသားတွေ ဖြစ်နေတော့ တော်တော်လေး စိတ်ရှည်သည်းခံ အချိန်ကုန်ခံမေးယူရတဲ့အဖြစ်ပါ၊
သူတို့ခင်မျာမှာလည်း လူနာအခြေအနေမကောင်းတော့ဘူးပြောလိုက်လို့ စိတ်ပူနေရတဲ့ အပြင် လမ်းမှာ သေဆုံးပါကရွာကို ၀င်မရမှာ စိုးရိမ်နေကြောင်းကိုပါပြောနေတာ ကြားလိုက်ရပြန်တယ်၊
သြော် - - သူတို့မှာလည်း အပူတွေက မသေးပါလားလို့ စဉ်းစားတွေးတောနေစဉ်
ဆရာရယ်လိုက်ပို့ပေးပါဗျာတဲ့ ပြီးတော့ဆရာတို့ လိုက်ပို့ပေးခ ဘယ်လိုယူပါသလဲ တဲ့ဗျာ - - - ၊
သူအဲဒီလို မေးလာတော့ကျွန်တော်လည်း သေချာရှင်းပြပေးလိုက်ရပါတယ်၊ အစ်ကိုတို့ မဇ္ဈိမလူမှုကူညီရေး အသင်းအနေနဲ့တတ်နိုင်သမျှ ကူညီပေးနေတာတွေမှာ အခကြေးငွေ(လုံးဝ)မယူပါဘူးဗျာ၊မေတ္တာသက်သက်၊ စိတ်စေတနာသန့်သန့်လေးနဲ့ ကူညီပေးနေတာပါ၊ ခုလည်း ညီတို့ ရွာအ၀င်ခက်ခဲနေမှာ စိုးရိမ်နေမှန်းသိရလို့ လူနာပို့ပေးတဲ့ကားအပြင် အစ်ကို့ ကားနဲ့လည်း အစ်ကိုကိုယ်တိုင် ညီတို့နဲ့ အတူလိုက်ပေးပါ့မယ်ဗျာ၊ လူနာကိုသာ ချင်းရိုင်းဆေးရုံက အမြန်ထွက်လာဖို့ ဟိုမှာရှိတဲ့ လူတွေကို ပြောလိုက်ပါလို့ ပြောလိုက်ချိန် ပျော်ရွှင်သွားတဲ့ မျက်နှာလေးနဲ့ ဖုန်းဆက်နေပါတော့တယ်..။
အဲဒီနောက် ကျွန်တော်လည်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ လိုက်ပါပို့ဆောင်ပေးမယ့် အသင်းသားများနဲ့ ကားဆရာကို လိုအပ်တဲ့ ပစ္စည်းများ မကျန်ခဲ့စေရန်ပြောလိုက်ပြီး အောက်ဆီဂျင်ဗူးများ၊လူနာတင်ကဒ်များနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သေချာပြင်ဆင်စေပြီး ထိုင်းနိုင်ငံ မယ်ဆိုင်ကိုသွားကာ စောင့်ကြိုပေးခဲ့ပါတယ်။
နေ့လည် (၂း၃၀)နာရီမှာ လူနာရောက်လာလို့ ကျွန်တော်တို့လည်း မယ်ဆိုင်ကနေ တာချီလိတ် ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ မိုင်းဖြတ်ရောက်တော့ မိုးကသည်းသည်းမဲမဲရွာ လာတာကြောင့်၊ ကားကို ဖြေးဖြေးမှန်မှန် မောင်းနေရပြန်တော့ ခရီးက သိပ်မတွင် ပြန်ပါဘူး။ မိုင်းယောင်းလမ်းမကြီး အတိုင်း မောင်းသွားရင်း ညနေ(၄း၃၀)နာရီခန့် အချိန်မှာ စွန်ဟိန်းဂူသွားရာ လမ်းကွေ့ အကျော်ရှေ့ကနေ မောင်းနေတဲ့ လူနာပါတဲ့ ကားမှာ ရပ်တန့်သွားပြီး ဒေါ်အေးမီရဲ့ သားဖြစ်သူ ကားပေါ်က ဆင်း
လာပါတယ်၊
ဆရာ ကျွန်တော့် အမေ အသက်မရှိတော့ဘူး... ရွာအဝင် ဘယ်လိုလုပ်ပါ့မလဲ..
ဆရာကူညီပါဦးလို့ ပြောလာပြီး ဆရာတို့ ကားရှေ့က မောင်းပေးပါ၊ ပြီးတော့မဆုံးသေးဘူး
လို့လည်း ပြောပေးပါတဲ့ဗျာ... ၊ အမေသေလို့ ပူနေရတဲ့အပြင် အယူတွေကြောင့် ထပ်မံပူရတဲ့ အဖြစ် ဒီလိုမျိုးတွေ ကြိုတွေးမိလို့ ကျွန်တော် ဒီခရီးကို ကိုယ်တိုင် ကားတစ်စီးနဲ့ လိုက်ခဲ့တာပါ။ စိတ်ချပါ ညီ ဘာမှမပူပါနဲ့ အကိုကြည့်စီစဉ်ပါ့မယ်လို့ ပြောလိုက်ပြီး ညီတို့ ရွာကိုရောက်ဖို့ ဘယ်လောက်ဝေးသေးလဲလို့ မေးကြည့်တော့ (၃)ရွာပဲ လိုတော့တယ်လို့ ပြောလာပါတယ်။
ကျွန်တော်တို့လည်း ကားကိုရှေ့ကနေပြီး မောင်းသွားကာ ဆက်လက်ထွက်လာပါတယ်၊ ကားပေါ်မှာ ကျွန်တော်တို့ စကားမပြောမိလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားပါတယ်၊ ရွာကို မမှောင်ခင် ရောက်ပါစေလို့ နှုတ်က တီးတိုးရေရွတ်နေမိရင်း ရွာသားတွေများ ငါတို့ ကားကိုပေးမဝင်ရင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားရပြန်တယ်၊ ပြီးတော့ ဘာသာစကား ကျွမ်းကျင်တဲ့ လူလည်းမပါပြန် အတွေးမျိုးစုံ ၀င်လာသော်လည်း ရွာကိုတော့ဝင်ကို ၀င်လို့ရမယ်လို့ စိတ်ထဲမှာတော့ ယုံကြည်နေမိပါတယ်၊
နောက်ဆုံးရွာထဲဝင်ချိန် သူတို့သိသွားလို့ ဝိုင်းရိုက်ရင်လည်း အရိုက်ခံလိုက်မယ်လို့ စိတ်နှလုံးကို ဒုံးဒုံးချကာ အသက်ကို ခပ်ပြင်းပြင်းရူရှိုက်လိုက်ပါတယ်၊
အဓိက အချက်ကတော့ ကားပေါ်ပါလာတဲ့ ဒေါ်မီအေရဲ့ သားသမီးတွေ မငိုဖို့ အရေးကြီးတာပါ ဒါပေမဲ့ သူတို့ ကိုမငိုပါနဲ့လို့လည်း ကျွန်တော်ပြော မထွက်ခဲ့ဘူးဗျာ...
သူတို့အမေ ဆုံးတဲ့နေရာကနေ ကားကိုမောင်းလိုက်ရတာ သုံးရွာသာဆိုတယ် အမုန်းကြာပါတယ်ဗျာ။ တစ်နာရီခွဲတိတိကို မောင်းရပါသေးတယ်၊ ညနေ(၆)နာရီမှ ရွာထိပ်လေးကို ရောက်လာပါတယ်၊ ရွာအဝင်မှာ လူငယ်တွေ ခြင်းခတ်နေကြတာတွေ့ရလို့ အခြေအနေကတော့ သာသာယာယာပါပဲ ကားမှန်လေးကိုချ မျက်မှန်ကြီးကိုတပ်ပြီး ခြင်းခတ်နေတဲ့ လူငယ်တွေကို ပြုံးပြလိုက်ကာ ရွာကုန်းလေးပေါ် တက်လာလိုက်တော့ ဘုရားကျောင်းလေးကို တွေ့လိုက်ရတယ်။
သူတို့အိမ်က ဘုရားကျောင်းမရောက်ခင် အိမ်လေးပါတဲ့ သေချာကြည့်လိုက်တော့
ရွာစွန်ထိပ်မှာ ဖြစ်နေပြန်တယ်၊ လမ်းဘေးအိမ်တွေက ဝိုင်းကြည့်နေတဲ့ အကြည့်တွေကို မကြိုက်ပေမဲ့ အေးအေးဆေးဆေးနဲ့သူတို့အိမ်ရှေ့ကိုတော့ရောက်လာခဲ့ပါပြီ ကားပေါ်မှအဆင်း ငိုသံတစ်ချက် ထွက်လာပါသေးတယ်၊
အဲဒီငိုသံကို ဖုံးသွားအောင်လို့ ကျွန်တော်လည်း အသံခပ်ကျယ်ကျယ်ဖြင့် ညီလေးတို့ အောက်ဆီဂျင်ပိုက်ကို သေချာကိုင်ပါလို့ လှမ်းအော်ပြောလိုက်ပြီး အိမ်ပေါ် အမြန်တင်ခိုင်းကာ ဓာတ်ပုံရိုက်ရင်း ပြောပေးနေလိုက်ပါတယ်၊
သူတို့လည်း အမြန်လုပ်ရှာပါတယ် ပြောတဲ့အတိုင်း အောက်ဆီဂျင်ပိုက်ရော ဂလူးကို့စ်ပိုက်ရော ကိုင်သွားပါတယ်၊ ဒါပေမဲ့ ဗူးတွေတစ်ခုမှ မပါဖြုတ်ထားခဲ့ကြပါတယ်၊ အိုကေ ဟုတ်ပြီ အိမ်ပေါ်ရောက်တော့ အခင်းတွေခင်း စောင်တွေခြုံ လုပ်နေတုန်း ရွာမှလူတွေ တဖြည်းဖြည်းရောက်လာကြပါတော့တယ်၊
ကျွန်တော်လည်း အိမ်အောက်ကနေပြီး အခြေအနေကြည့်နေရာက အပေါ်ကို တက်လိုက်သွားရတယ် အပေါ်ရောက်တော့ အော်ပြောလိုက်တယ်၊
စောစောက ဗူးတွေဖြုတ်လိုက်ကြတာလား...
ဟာ- -အဖွားကို သေချာစမ်းကြည့်ပါဦး အသက်ရူသေးရဲ့လားလို့ ပြောလိုက်တော့ စောစောကလမ်းမှာ စိုးရိမ်နေရှာတဲ့ ဒေါ်မီအေ၏ သားမှာ "အာခါ" စကားနဲ့ အော်ပြောနေရင်း အိမ်အောက်ကို ပြေးဆင်းသွားတယ်၊ ပြီးတော့ ချက်ချင်း ပြန်ပြေးတက်လာကာ ပါးစပ်မှလည်း အာခါလိုအော်ပြီး
ပြောနေလျှက် သူ့အမေကိုယ်လုံးကို လှုပ်ရမ်းရင်း အော်ခေါ်ကာငိုနေပါ တော့တယ်၊သူလည်းငိုလိုက်ရော ကျန်မိသားစုတွေထင်ပါရဲ့ ဘေးမှာကြည့် နေကြသူတွေပါ ဝိုင်းငိုကြတာ ဆူညံပွက်လောကို ရိုက်သွားတာပါပဲဗျာ...။
ခဏအတွင်း တစ်ရွာလုံးလည်း ရောက်လာကြပါတယ် ကျွန်တော်လည်း အားလုံးကြားအောင် အဲ့ဒီဗူးကို ဖြုတ်လိုက်တာကိုးလို့လှမ်းပြောလိုက်မိသော်လည်း ပိုက်တွေကိုင်သွားပြီး ဗူးတွေထားခဲ့တဲ့အဖြစ်ကို တွေးရင်းကျေနပ်နေ မိတာတော့အမှန်ပါ၊
သားလုပ်သူမှာ သူတကယ်ကို စိုးရိမ်ပူပန်နေရင်း အောင့်ထားခဲ့ရရှာတဲ့ ငိုချင်စိတ်များကို ဖွင့်ချလိုက်ကာ ငိုလိုက်ရတယ် ထင်ပါရဲ့ဗျာ အားရပါးရ ငိုနေတာပါ ကျွန်တော်တို့တွေ တကယ်ကိုပီပြင်စွာလုပ်နိုင်ခဲ့ပါပြီ၊ငိုနေကြတဲ့ အသံတွေ နည်းနည်းစဲသွားမှ သားဖြစ်သူကို ဘယ်နှစ်ရက်ထားမှာလဲလို့ မေးကြည့်လိုက်တော့ (၅)ရက်ထားမယ်တဲ့ အဲဒါနဲ့ကျွန်တော်တို့(M.T.D.T[မသာဒေါက်တာကြီး] )ဘွဲ့ရ ကိုနေမျိုးအား ဆေးဘယ်နှစ်လုံး ထိုးပေးမလဲလို့မေးကြည့်လိုက်တော့ နှစ်လုံးထိုးမှ ရမယ်လို့ပြောပြီး
သူကိုယ်တိုင် ဆေးထိုးပေးဖို့ ပြင်ဆင်နေပါတော့တယ်။ ကျွန်တော်လည်းခုမှ စိတ်လက်ပေါ့ပါးသွား ပါတော့တယ်။
ခုမှသတိရလာတယ် နေ့လည်စာ မစားခဲ့ရသေး ဗိုက်ကဆာလာပြီဗျာ၊ ဆေးတွေ ဘာတွေ ထိုးပေးပြီးတော့ ည(၇)နာရီကျော်နေပါပြီ၊ နေ့လည်စာ မစားခဲ့ရတဲ့ အပြင် သောက်ရေဗူးတောင် မပါဘူးဗျာ။ pajero ကားနဲ့သွားမယ် ထင်လို့ pajero ကားထဲမှာ အကုန်ကျန်ခဲ့တဲ့အဖြစ်ပါ သွားတိုက်ဆေး၊သွားတိုက်တံ၊မျက်နှာသစ် ဆပ်ပြာတွေကတော့ လွယ်အိတ်လေး ထဲထည့်ထားလို့တော်ပါ သေးရဲ့။ ခဏအကြာ လူငယ်လေးတစ်ယောက်က နားနေရန်အိမ်လိုက်ခဲ့ပါဆိုလို့ လိုက်သွားခဲ့ပါတယ်၊
နောက်တစ်မနက် မိုးလင်းတော့ ကျွန်တော်တို့လည်း တာချီလိတ်ကို ပြန်လည်ထွက်ခွာဖို့ အလုပ်မှာ ကွယ်လွန်သူ ဒေါ်မီအေရဲ့ သားရောက်လာပြီး သခွားသီးတွေနဲ့ ကြက်ဖကြီးတစ်ကောင်လာပေးပါတယ်၊
ဟာ.. ဘာလုပ်ဖို့လဲ ညီလေး ဆိုတော့ ဆရာတို့ကို လက်ဆောင်ပေးတာပါတဲ့၊ သခွားသီးပဲ ယူပါ့မယ်ဗျာ.. ကြက်ဖကြီးကိုတော့ မယူပါရစေနဲ့ဆိုတော့ သတ်စားလေ ကြက်သားတဲ့၊မစားပါဘူး ညီ မယူပါဘူးဆိုတော့ သူအိတ်ကပ်ထဲက မြန်မာငွေလေးတွေ ထုတ်လာကာ ဒါဆို ဒါယူပါဆိုပြီး အကုန်လုံးပေးနေပြန်တယ်၊
ကျွန်တော်သူ့ကို သေချာရှင်းပြမှရတော့မယ်ဆိုတာ သိလိုက်ရလို့ သဘောပေါက်အောင် ရှင်းပြပေးလိုက်တယ်၊ အကိုပြောပြမယ် ညီလေး ညီလေးတို့မှာ အမေတစ်ယောက်လုံး ဆုံးရှုံးသွားတာပါ.. အဲဒီလို မိခင်တစ်ယောက်လုံး ဆုံးရူံးသွားလို့ အမေအတွက် သောကတွေများနေ တာကို သက်သာပါစေဆိုတဲ့ စိတ်နဲ့ အကိုတို့ မဇ္ဈိမလူမှုကူညီရေးအသင်းသူ၊ အသင်းသားတွေက ညီလေးတို့ရဲ့ အပူတွေကို မျှဝေခံစားပေးနေတာပါ။
ဒါကြောင့်ညီတို့ဆီက အကိုတို့ ဘာမှမလိုပါဘူး အကိုတို့စေတနာသန့်သန့်လေးနဲ့ ကူညီပေးတာပါ၊ ညက ညီတို့ ဆီမှာအကိုတို့ ညအိပ်နေတာတောင် ခရီးဝေးတာရော အချိန်နောက်ကျသွားတာရော၊ပြီးတော့ တည်းခိုခန်းတွေမရှိတဲ့ တောင်ပေါ်ဒေသဖြစ်နေလို့ ညအိပ်တာပါ၊ အကိုတို့ မဇ္ဈိမလူမှုကူညီရေးအသင်း
အနေနဲ့ကိုယ် ကူညီပေးလိုက်တဲ့သူဖြစ်ဖြစ်၊ သူ့မိသားစုပဲ ဖြစ်ဖြစ်ကိုယ့်ကြောင့်ဘာဝန်ထုပ် ဝန်ပိုးမှ မဖြစ်စေရန် အသေအချာမှာထားတာပါလို့ ရှင်းပြလိုက်ရင်း သူ့ကို ကြည့်လိုက်မိတော့ မျက်နှာငယ်လေးနဲ့ မျက်ရည်တွေဝဲနေတာတွေ့မိလိုက်တယ်။
စိတ်မကောင်း မဖြစ်ပါနဲ့ညီ နောက်ပိုင်း တာချီလိတ်ကိုလာလို့ ကြုံခဲ့ရင် အစ်ကိုတို့
မဇ္ဈိမလူမှုကူညီရေး အသင်းရုံးခန်းမှာ လာလှူလို့ရပါတယ်လို့ပြောပြလိုက်မှ သူစိတ်သက်သာရာ ရသွားပါတယ်၊
အဲ့ဒီအချိန်မှာပဲ အဖီ(အဖွား)မှ ခြံထွက် အသီးအနှံလေးတွေ ခူးလာပြီးပေးပြန်ရောဗျာ အသီးအနှံလေးတွေ လက်ခံယူခဲ့ပြီး ဒေါ်မီအေရဲ့သားတွေမှ အမှတ်တရဓာတ်ပုံေ လးတွဲရိုက်ချင်တယ်လို့ ပြောလာတဲ့အတွက် ဓာတ်ပုံများတူတူရိုက်ခဲ့ကြပြီး ၁၂-၉-၂၀၁၄(သောကြာနေ့)နံနက်(၇း၃၀)နာရီမှာ သူတို့ကိုနှုတ်ဆက်ကာ
ပြန်လာခဲ့ကြရာ မွန်းမတည့်မီ(၁၁း၃၀)နာရီမှာ တာချီလိတ်မြို့သို့ပြန်လည်ရောက်
ရှိခဲ့ပါတော့တယ်....။
ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးအသင်း အနေဖြင့် တတ်နိုင်သမျှ ကူညီပေးနေမှုများ အားလုံးသည် အခကြေးငွေ(လုံးဝ)မယူဘဲ မေတ္တာသက်သက်ဖြင့် စိတ်စေတနာသန့်သန့်ထားကာ ကူညီပေးသွားရင်း အယူလွဲများကိုလည်း အမှန်တည့်ပေးစေလိုသောကြောင့် မည်သို့ပင် အခက်အခဲများကြုံတွေ့ရပါစေ
အနစ်နာခံကာ အားမာန်အပြည့်နဲ့အမြဲတမ်းပေးဆပ်သွားနေမှာဖြစ်ပါတယ်...