စက်တင်ဘာလ(၁၈)ရက်တွင် မိုးကြီးရေလျှံမှုအဖြစ် တာချီလိတ်၌ ဖြစ်ပွားခဲ့ရာတွင် တာချီလိတ်မြို့နှင့် (၂၁)မိုင်ခန့် ကွာဝေးသည့် မိုင်းဟဲကျေးရွာအုပ်စု ကာနကျေးရွာ အပါအ၀င် ရွာလေးရွာတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း မိုင်းဟဲကျေးရွာအုပ်ချုပ်ရေးမှူးမှ အသိပေးလာသည့်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ သွားရောက်၍ အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ရေကြီးရေလျှံမှုဖြစ်ပွားသည့်အခါ အမှန်တကယ် ထိရောက်စွာ ကူညီနိုင်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် CNCMC ကော်မတီဝင်များသည် မိုင်းဟဲကျေးရွာအုပ်စု၊ ကာန ကျေးရွာသို့ သွားရောက်ကာ ရေကြီးရေလျှံသည့် ဖြစ်စဉ်များအား သွားရောက် ကြည့်ရှုစစ်ဆေးရာမှာ မိုင်းဟဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလူး၏ လိုက်လံပြုသမှုတွင် ကာနကျေးရွာအတွင်းရှိ လယ်ကွင်းထဲတွင် ရေအနည်းအငယ်သာ ၀င်ရောက်ထားသည်ကို တွေ့ရှိရပြီး ကျန်ကျေးရွာ (၃)ရွာဖြစ်သည့် ၀မ်လုံး၊ နမ့်မွန်း၊ နမ့်မွဲ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ကာနကျေးရွာတွင် အိမ်ခြေ(၁၃၁)အိမ်ရှိပြီး စိုက်ပျိုးရေးအနေဖြင့် ဆန်စပါးစိုက်ပျိုးထားလျက်ရှိရာ လယ်ကွင်း၏ အနီးတွင် ချောင်းငယ်တစ်ချောင်းရှိပြီး အဆိုပါ ချောင်းမှတဆင့် ရေလျှံက လယ်ထဲသို့ ၀င်လာတာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နှင့် မိုင်းဟဲကျေးရွာအုပ်စု အကြားတွင် လမ်းပန်းဆက်သွယ်ရေးအနေဖြင့် နွေရာသီအခါမှာ အဆင်ပြေသော်လည်း၊ မိုးရာသီအခါများတွင် သွားလာရခက်ခဲသည်မှာ ယနေ့ သွားရောက် ခရီးစဉ်အရ သိရှိရသည်။