တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စုအတွင်းရှိ လွယ်စီတုံလမ်းမသည် ကားကြီး၊ ကားငယ်များ၊ မြို့ကိုပတ်၍ သွားသော ကုန်တင်ယာဉ်ကြီးများစသည့် ယာဉ်အမျိုးမျိုးတို့ သွားလာမှုများရှိသည်နှင့်အညီ မိုးတွင်းအခါ မိုးရွာသွန်းမှုများနှင့် ချောင်းရေတက်လာမှုတို့ကြောင့် လမ်းများမှာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေလျက် ရှိရာ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့က အဆိုပါလမ်းအား လမ်းအသုံးပြုမှု ပိုမိုကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး တို့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ အလှူရှင်များနှင့် တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းကြရာတွင် လွယ်စီတုံလမ်းအား လမ်းအသုံးပြုမှု ပိုမိုကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့ အတွက် ပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များဖြစ်သည့် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ကျောက်ကြီး ကားကြီးဖြင့်(၂၀)စီး နှင့် ကျောက်ရောရာ ကားကြီး (၂၀)စီး၊ ဦးအားဖာ(တပင်ရွှေထီး)မှ ကျောက်မြေရောရာ ကားကြီး အစီး(၃၀)၊ ရွှေတောင်ကြားကုမ္ပဏီမှ ကျောက်မြေရောရာ ကားကြီး(၂၀)စီး၊ လန်ဖုန်ဒန်ကုမ္ပဏီမှ ကျောက်မြေရောရာ ကားကြီး အစီး(၃၀) နှင့် ဟင်ခူးကျောက်နု ကားကြီးအစီး (၃၀)၊ စံလင်းဖြိုးကုမ္ပဏီမှ လုပ်အားခအဖြစ် (၇၇၀၀၀)ဘတ် နှင့် အထက်ကျသင့်သော လုပ်အားခများ၊ သော်တာဝင်းကုမ္ပဏီမှ လိုအပ်သည့် ကွန်ကရစ်တံတားများ၊ ရတနာထွန်းကုမ္ပဏီမှ လိုအပ်သော အလုပ်သမားစားရိတ်များ၊ စွမ်းဟော်တယ်မှ ဂရေဒါ နှင့် ဒိုဇာ (၇)ရက်စာ စီစဉ်ပေးခြင်း၊ ရွှေသဲ အိမ်ဆောက်ပစ္စည်းဆိုင်မှ အလှူငွေ (၃၀၀၀၀)ဘတ် စသည်တို့ဖြင့် အသီးသီး ပါဝင်လှူဒါန်းကြပြီးနောက် လိုအပ်သည်များအတွက် လမ်းအနီးအနားရှိ ပတ်ဝန်းကျင် အိမ်များမှထည့်ဝင်ရေး စသည့်တို့ကို ညှိနှိုင်းခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုအပြီးတွင် ပျက်စီးယိုယွင်းနေသော လွယ်စီတုံလမ်းအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင် နှင့် သက်ဆိုင်ရာအဖွဲ့တို့မှ လိုက်ပါလာပြီး လမ်းအနေအထားနှင့် လမ်းအား ပြုပြင်မှု အတိုင်းအတာများကို စစ်ဆေးကြပြီး ကောင်းမွန်စွာ ပြုပြင်နိုင်ရေး နှင့် လမ်းအား ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် မြေပြင်ကွင်းဆင်းရင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လွယ်စီတုံလမ်း ပြုပြင်ရေးအတွက် စက်တင်ဘာလ(၃)ရက်နေ့က အတည်ပြုဆွေးနွေးခဲ့ကြပြီးနောက် လုပ်ငန်း အကောင်အထည်ဖော်မှုကို ယနေ့ စက်တင်ဘာလ(၄)ရက် နံနက်(၉)နာရီအချိန်က စတင်၍ လုပ်ဆောင်နေပြီဖြစ်ပြီး လတ်တလောတွင် လမ်းသွားလမ်းလာများအတွက် အဆင်ပြေစေရေးကို ဦးစားပေး အလေးထား၍ ပြုပြင်ခြင်းများ ဆောင်ရွက်နေကြပြီး သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ အဆိုပါ လမ်းအား ထပ်မံ၍ လမ်းအဆင့်မြှင်တင်ရေး ကိစ္စရပ်များအတွက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို အာမခံကတိပြုခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ(၄) နံနက်ပိုင်းတွင် လုပ်ငန်းစတင်အကောင်အထည်ဖော်နေမှုကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် သက်ဆိုင်ရာအဖွဲ့မှ ထပ်မံ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်း၏ လိုအပ်ချက်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လွယ်စီတုံလမ်းသည် ယခုလ အတွင်းတွင် မိုးရွာသွန်းမှုကြောင့် ဆိုးဝါးစွာ ဖြစ်ပေါ်နေသည့် အတွက် ဒေသခံပြည်သူများ၏ တောင်းဆိုမှုများအား သက်ဆိုင်ရာများမှ အလေးထား၍ စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်းညှိနှိုင်းကာ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။