ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်း - မြန်မာ နယ်နိမိတ်အကြား မယ်ဆိုင်ချောင်းမှ ရေကြီးခြင်း၊ တောင်ကျရေကြောင့် ရေကြီးခြင်း နှင့် မြို့ပေါ်ရပ်ကွက်များတွင် အိုးအိမ်ထူထပ်လာပြီး အချို့သော တိုက်တာအိုးအိမ် ဆောက်လုပ်ခြင်း နှင့် ခြံခတ်မှုတို့တွင် ရေစီးရေလာဖြစ်သည့် မြောင်း နှင့် ချောင်းများအား ပိတ်ဆို့၍ ကာရံထားမှုများ စသည့် အချက် (၃)ချက်ကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တစ်နှစ်ထက် တစ်နှစ် ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာလျက်ရှိရာ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က တာချီလိတ်မြို့ပေါ်ရှိ (၉)ရပ်ကွက်လုံး ရေကြီး ရေလျှံမှုများနှင့် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရာ ရပ်ကွက်များသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များ အနေဖြင့် ရင်အုပ်ထိ မှ လူတစ်ရပ်စာခန့် ရေတက်သော နေရာများသို့ သွားလာ၍ ကယ်ဆယ်မှုများ၊ ပိတ်ဆို့ခံနေရသော ပြည်သူလူထုများ၊ သက်ကြီးရွယ်အိုများ နှင့် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ စသည်တို့ကို ကယ်ဆယ်မှုများ ဆောင်ရွက်ရာတွင် အဆင်ပြေစွာနှင့် လျင်မြန်စွာ အသက်အိုးအိမ် ကယ်ဆယ်ပေးနိုင်ရန်အတွက် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၇) ည(၆း၅၅)နာရီ အချိန်ခန့်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေး ဦးတင်ဝင်းရွှေမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် အရေးပေါ် ကယ်ဆယ်ရေး လက်လှော်လှေငယ် စုစုပေါင်း (၁၇) စီးနှင့် အအသက်ကယ်အင်္ကျီ စုစုပေါင်း (၉၇)ထည်ကို အမြန်ဆုံး အသင့်ဝယ်ယူထားရှိရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။
သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အရေးပေါ် ကယ်ဆယ်ရေး လက်လှော်လှေငယ် စုစုပေါင်း (၁၇) စီးနှင့် အအသက်ကယ်အင်္ကျီ စုစုပေါင်း (၉၇)ထည်ကို ၀ယ်ယူရာတွင် ရပ်ကွက်များအလိုက် ပုန်းထွန်ရပ်ကွက် အနေဖြင့် လှေငယ်(၃)စီး နှင့် အသက်ကယ်အင်္ကျီ အထည်(၂၀)၊ တာလော့ရပ်ကွက် အနေဖြင့် လှေငယ်(၂)စီး နှင့် အသက်ကယ်အင်္ကျီ (၂)ထည်၊ ၀မ်ကောင်းရပ်ကွက် အနေဖြင့် လှေငယ်(၁)စီး နှင့် အသက်ကယ်အင်္ကျီ (၅)ထည်၊ မကာဟိုခမ်းရပ်ကွက် အနေဖြင့် လှေငယ်(၃)စီး နှင့် အသက်ကယ်အင်္ကျီ အထည်(၂၀)၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အနေဖြင့် လှေငယ်(၁)စီး နှင့် အသက်ကယ်အင်္ကျီ (၅)ထည်၊ ဆန်ဆိုင်း(က)ရပ်ကွက် အနေဖြင့် လှေငယ်(၁)စီး နှင့် အသက်ကယ်အင်္ကျီ (၅)ထည်၊ မယ်ခေါင်ရပ်ကွက် အနေဖြင့် လှေငယ်(၁)စီး နှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်၊ ရန်အောင်မြေရပ်ကွက် အနေဖြင့် လှေငယ်(၂)စီး နှင့် အသက်ကယ်အင်္ကျီ (၁၀)ထည်၊ ၀ိန်းကျောက်ရပ်ကွက် အနေဖြင့် လှေငယ်(၃)စီး နှင့် အသက်ကယ်အင်္ကျီ အထည်(၂၀) အသီးသီး ၀ယ်ယူထားရှိရမှာဖြစ်ပြီး ထိုသို့ ၀ယ်ယူထားရှိပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာနှင့် အမြန်ဆုံး ကူညီဆောင်ရွက်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။