ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ တာချီလိတ်ရေဘေး ကာကွယ်နိုင်ရေးအတွက် နယ်စပ်ချောင်းအုတ်တံတိုင်းများကိစ္စ လာရောက်စစ်ဆေး

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ တာချီလိတ်ရေဘေး ကာကွယ်နိုင်ရေးအတွက် နယ်စပ်ချောင်းအုတ်တံတိုင်းများကိစ္စ လာရောက်စစ်ဆေး
စက်တင်ဘာ 21, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းသည် ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး တာချီလိတ်၌ ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ယနေ့ စက်တင်ဘာလ(၂၁)ရက် ညနေ(၃း၂၀)နာရီအချိန်က ပုန်းထွန်ရပ်ကွက် ၀ါးဆိပ် နှင့် ဆန်ဆိုင်းရပ်ကွက်ရှိ ဂရင်းဆိပ်တို့၏ အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

( ပုန်းထွန်ရပ်ကွက်  မယ်ဆိုင်ချောင်းအပါ မြင်ကွင်း - ၀ါးဆိပ် )

ထိုသို့သွားရောက် ကြည့်ရှုစစ်ဆေးရာတွင်  ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း (ညွှန်ကြားရေးမှူး)၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာအဖွဲ့များမှ လိုက်လံရှင်းလင်းပြသသည်။

( ပုန်းထွန်ရပ်ကွက် - ၀ါးဆိပ် )

ဦးစွာ ၀န်ကြီးနှင့်အဖွဲ့သည် ပုန်းထွန်ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းနှင့် အနီးကပ်ဆုံးနေရာဖြစ်သည့် ၀ါးဆိပ်သို့ သွားရောက်ကာ ချောင်းရေလျှံမှုများကို ကာကွယ်နိုင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကြည့်ရှု့စစ်ဆေးသည်။

( ထိုင်းဘက်သို့မြင်တွေ့ရပုံ - ဂရင်းဆိပ် )

ဆက်လက်၍ အဆိုပါအဖွဲ့သည် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ ဂရင်းရေဆိပ်သို့ သွားရောက်ကာ ထိုင်းဘက်မှ ဟန့်တား၍ ဆောက်လုပ်ထားသော ရေကာများနှင့် ဆောင်ရွက်နေဆဲဖြစ်သော မြေဖို့နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြန်မာဘက်မှ ပြန်လည်၍ ရေကြီးရေလျှံမှု ကာကွယ်ရေးကိစ္စရပ်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

( ထိုင်းဘက် မြင်ကွင်း - ဂရင်းဆိပ် )

တာချီလိတ် ဒေသခံများသည် မိုးကြီးစွာ ရွာသွန်းမှုဖြစ်ပေါ်တိုင်း ရေကြီးရေလျှံမှု၏ ဆိုးကျိုးမှာ စီးပွားရေး ထိခိုက်မှုများ ဖြစ်ပေါ်သည့် အတွက်ကြောင့် စိတ်ပျက်နေကြသည်နှင့်အညီ ချောင်းအတွင်းမှ ရေများဝင်ရောက်လာမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာများ၊ ၀န်ကြီးဌာန အစိုးရများမှ လာရောက် ကြည့်ရှု စစ်ဆေးကြသော်လည်း ပြတ်သားတိကျသည့် အဖြေများ မချမှတ်သွားမည်ကို ပို၍ စိုးရိမ်နေကြကြောင်း ဒေသခံ ပြည်သူများ၏ ပြောကြားချက်များကို ကြားသိရသည်။

"လူကြီးတွေ လာကြည့်ပြီး ပြန်သွားတဲ့အခါ ဘာမှ အကျိုးမရှိရင်၊  လာသွားလည်း ဘာမှထူးမှာ မဟုတ်ဘူး၊ လက်တွေ့ အကောင်အထည်ဖော်နိုင်မဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တွေ ချခဲ့စေချင်တယ်၊ ဒါမှ ကျွန်တော်တို့ ဒေသခံတွေ တကယ်အကျိုးရှိမှာ အဲ့လိုမဟုတ်ရင်တော့ လာသွားပြီး ပြန်သွားလည်း မထူးရင် ကျွန်တော်တို့လည်း ရေကြီးရေလျှံတိုင်း အခက်ကြုံနေရအုံးမှာပဲဗျာ၊ ကျွန်တော်တို့လည်း လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရည်ကိုင်ရည်တွေကိုပဲ အားကိုးရနေပါတယ်လို့ပြောချင်တယ်ဗျာ.."ဟု တာလော့ဈေးသည် တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းက တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~