ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄/၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် (၅)ယူနစ်၊ (၂)ထပ်ရှိသည့် မီးသတ်တပ်ဖွဲ့စခန်း အဆောက်အဦးကို ဆောက်လုပ်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၈)နာရီ အချိန်က လုပ်ငန်းစတင်ခြင်း အဖြစ် ပန္နရိုက်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပန္နရိုက်မင်္ဂလာအခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ပါဝင်သည့် သက်ဆိုင်ရာများ အပါအ၀င် "အရှေ့ပိုင်းကြယ်ငါးပွင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်"မှ အဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရသည်။
ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း နှင့် "အရှေ့ပိုင်းကြယ်ငါးပွင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်"၏ ဒါရိုက်တာ ဦးကျော်သီဟ တို့မှ ထောင့်လေးထောင့်တွင် သတ်မှတ်နေရာများ အလိုက် ပန္နရိုက်ကြသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့သည် မီးသတ်ရုံးအတွင်း၌ သီးခြားဆောက်လုပ်နေလျက်ရှိသော လူပျိုဆောင် အဆောက်အဦ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယခုဆောက်လုပ်သော မီးသတ်တပ်ဖွဲ့စခန်း အဆောက်အဦကို တာချီလိတ်မြို့ အခြေစိုက် "အရှေ့ပိုင်းကြယ်ငါးပွင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်"မှ တာဝန်ယူ၍ ဆောက်လုပ်နေတာဖြစ်ပြီး ကုန်ကျမှုမှာ ကျပ်ငွေ တစ်ရာခြောက်ဆယ့်ကိုးသန်း ကုန်ကျမှာ ဖြစ်ပြီး လုပ်ငန်းပြီးမြောက်မှုကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလအကုန် သတ်မှတ်ထားကြောင်း သိရှိရသည်။