တာချီလိတ်ရေဘေးသင့် ပြည်သူများအတွက် ဒေသခံ စေတနာရှင်များမှ ပါဝင် လှူဒါန်းလျက်ရှိ

တာချီလိတ်ရေဘေးသင့် ပြည်သူများအတွက် ဒေသခံ စေတနာရှင်များမှ ပါဝင် လှူဒါန်းလျက်ရှိ
စက်တင်ဘာ 10, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က တာချီလိတ်တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ် (၉)ရပ်ကွက်တို့မှ ပြည်သူလူထု စုစုပေါင်း (၄၀၀၀)ကျော် ရေဘေးဒဏ်ခံခဲ့ရသည်ဖြစ်သည့်အတွက် ရေဘေးသင့် ပြည်သူများအား စာနာသောအားဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်နိုင်ရန်နှင့် ရေဘေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်တို့တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် တာချီလိတ်မြို့ "ဖြူစင်"သင်္ကန်းတိုက် နှင့် "ဖြူစင်"ကလေးဖက်ရှင်ဆိုင်မှ ဦးစိုင်းမုန့်တစ် + ဒေါ်နန်းကိန်၊ သမီး မနန်းဖြူနှင်း၊ သား မောင်စိုင်းဆိုင်လိုင် နှင့် မြေး စိုင်းဝန်းဖိတ် မိသားစုတို့က ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၀)ရက် ညနေပိုင်းက ကျပ်ငွေ (၁၀)သိန်းတိတိကို လှူဒါန်းလာရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ ရေဘေးသင့်ပြည်သူများ ကိုယ်စား လက်ခံရယူကြောင်း သိရသည်။

ထိုကဲ့သို့ပင် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဦးစိုင်းပန် + ဒေါ်နန်းအွေသန်း ( မန့်မီး - အဲယားကွန်း) မိသားစုမှ လိုအပ်သည့် နေရာများတွင် ပြန်လည်လှူဒါန်းနိုင်ရန်အတွက်ဟု ဆိုကာ ဂျင်းဘောင်းဘီအထည်(၄၀၀)ကျော်အား လှူဒါန်းလာရာ အထည်(၄၀၀)ထဲမှ  တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အထည်(၁၂၀)အား တာချီလိတ်ရေဘေးသင့် ပြည်သူများထံ ပြန်လည်ပေးအပ် လှူဒါန်းနိုင်ရန်အတွက်  တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးစိုင်းလုံစံခတ် နှင့် အတွင်းရေးမှူး ဦးခင်မောင်တင့် နှင့်အတူ အလှူရှင်တို့မှ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ ၀မ်းမြောက်စွာ လက်ခံရယူပြီး ရေဘေးသင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း နှင့် ယခုလို လှူဒါန်းသည့် ပစ္စည်းများကို အမှန်တကယ် လိုအပ်သည့် နေရာများတွင် ပြန်လည်ပေးအပ်ထောက်ပံ့ လှူဒါန်းပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများမှ ရေကြီးမှုဖြစ်ပွားစဉ်မှစ၍ မိမိတို့ တက်နိုင်သည့်ဘက်မှ လှူဒါန်းလာသည့် စားနပ်ရိက္ခာများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ တဆင့် လက်ခံထားရှိပြီး ရေဘေးသင့်ပြည်သူများထံ စနစ်တကျ ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တဆင့် ပေးအပ်လှူဒါန်း ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

 သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~