တပ်မတော် နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့် ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်

တပ်မတော် နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့် ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်
စက်တင်ဘာ 14, 2014
By Tachileik News Agency

နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် တပ်မတော်နှင့် ဌာနဆိုင်ရာသို့ ပူးပေါင်း၍ တိုင်းရင်းသား ကျေးရွာများသို့ သွားရောက်ကာ ဆေးဝါးကုသပေးခြင်း၊ မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေးဟောပြောမှုများ ပြုလုပ်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့် ဆဋ္ဌမအကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်မှုကို စက်တင်ဘာလ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဒေသခံတိုင်းရင်းသား၊ သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များအား ဆေးဝါးများ ကုသပေးရာတွင် ကျား(၇၀)ဦး နှင့် မ(၁၄၈)ဦး အပါအ၀င် ကလေးသူငယ် (၃၂)ဦး စုစုပေါင်း (၂၅၀)ဦီးတို့ကို ဆေးဝါးများ ကုသပေးခြင်း နှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို နှစ်ရက်တိုင်တိုင် ဆောင်ရွက်ခဲ့ကြသည်။

မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားများအား တာချီလိတ်ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်တို့ ဦးဆောင်သည့် လ၀ကအဖွဲ့ဝင်များက မိုးပွင့်အဆင့်(၆) စီမံချက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်မှုအဖြစ်  အသက်(၁၈)နှစ်ပြည့်အဖြစ် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မွေးတိုးဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု မိတ္တုပြုလုပ်ပေးခြင်း နှင့် အမျိုးသား မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း စသည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းရေး ပညာပေးဟောပြောခြင်း နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးအဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။

 ယခုလို တပ်မတော်နှင့် ဌာနဆိုင်ရာတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသအတွင်းရှိ နာမကျန်း သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်များ၏ ကျန်းမာရေး အတွက်အပြင်၊ မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း ကိစ္စရပ်များအား လွယ်ကူစွာ ဆောင်ရွက်ခွင့်ရရှိသည့်အတွက် ဒေသခံ တိုင်းရင်းသားများမှ များစွာကျေးဇူးတင်နေကြကြောင်း သိရသည်။

တပ်မတော်နှင့် ဌာနဆိုင်ရာတို့  ပူးပေါင်း၍ ယခုလို ဆောင်ရွက်မှုသည် ထိရောက်သော ဆောင်ရွက်မှုဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်များစွာ အထောက်အကူ ဖြစ်ပေါ်စေသည့်အတွက် ဒေသခံပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိလျက်ရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~