စက်တင်ဘာလ (၆)ရက်နေ့က တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တစ်ခုကြောင့် အခြားရပ်ကွက်များထက် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ရွှံ့နွံများ၊ နုန်းများနှင့် အမှိုက်များမှာ ရေကြီးမှု ကျဆင်းသွားပြီ ဖြစ်သော်လည်း အချို့သော နေရာများတွင် တစ်ပေကျော် နှစ်ပေခန့်အထိ တင်ကျန်နေခဲ့မှုတို့ကြောင့် ယခုနေ့ စက်တင်ဘာလ(၉)ရက်နေ့အထိ ရှင်းလင်း၍ မပြီးသေးနိုင်ဘဲ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့ရှိရသည်။
ပုန်းထွန်ရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်းမဘက်ခြမ်းတွင် ရှင်းလင်းရန် အနည်းအငယ်သာ ကျန်ရှိသော်လည်း ပုန်းထွန်ရပ်ကွက်၏ အနိမ့်ဆုံး နယ်နိမိတ်ဖြစ်သည့် အမှတ်(၁)ချစ်ကြည်ရေး နှင့် အလူရာဟိုတယ် လမ်းကြားတို့တွင် တင်ကျန်နေသော ရွှံ့နွံနုန်းများမှာ များပြားလှသည့်အတွက် ခက်ခက်ခဲခဲ ရှင်းလင်းနေရတာကိုလည်း တွေ့ရှိရသည်။
ပုန်းထွန်ရပ်ကွက်အတွင်းတွင် ရေများမှာ အနည်းဆုံး (၄)ပေအထက် ၀င်ရောက်မှုများကြောင့် အိမ်သုံး ရေတွင်း၊ ရေကန်များအတွင်းရှိ ရေများကို အိမ်ပိုင်ရှင်များမှ ရေစုပ်စက်များဖြင့် စုပ်ထုတ်ယူပြီးနောက် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးအဖွဲ့ဖြစ်သည့် သူနာပြုများက ညစ်ညမ်းရေများကြောင့် ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ရေတွင်း၊ ရေကန်များအတွင်း ရေသန့်စေရေးနှင့် ရောဂါကင်းစင်ရေးအတွက် ရေသန့်ဆေးများထည့်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ကြသည်။
အဆိုပါ ရပ်ကွက်များအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ အဖွဲ့ဝင်များ နှင့် ရှမ်း(ရှေ့) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သည့်အဖွဲ့ အပါအ၀င် ရပ်ကွက်သူ ရပ်ကွက်သားများမှ ရွှံ့နွံများ ဖယ်ရှားရှင်းလင်းနေမှုကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ ပြည်သူများအတွက် အမြန်ဆုံးပြီးမြောက်နိုင်ရန် နှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လိုက်လံကြည့်ရှုနေတာကို တွေ့ရှိရသည်။
တာလော့ဈေးအတွင်းရှိ ဈေးသည်တစ်ဦးက "ရွှံ့နွံတွေကို အထုပ်တွေနဲ့တော့ ထည့်ထားလိုက်ပြီ၊ စည်ပင်ဌာနတစ်ခုတည်း လာသယ်နေတာကတော့ ပြီးမှာမဟုတ်ဘူး၊ ရပ်ကွက်ထဲက ပိုင်ရှင်တစ်ချို့လည်း ပူးပေါင်းပါဝင်မှ အမြန်ဆုံးပြီးမှာလို့ မြင်မိတယ်၊ တစ်ချို့အိမ်တွေက သက်ဆိုင်ရာက လာလုပ်ပေးမှာကို စောင့်နေကြတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ကျန်ရှိနေသော နေရာများအား ဆက်လက်၍ အဆိုပါ အဖွဲ့တို့မှ ရှင်းလင်းပေးသွားမှာဖြစ်သလို ယခုလို အကူအညီလိုအပ်သည့် နေအိမ်များအနေဖြင့်လည်း အခက်အခဲဖြစ်ပါက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဖြစ်စေ၊ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ ဖြစ်စေ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။