တာချီလိတ်မြို့ ၀မ်ပုံဆိပ်ကမ်းနယ်မြေ မိုင်းဖုန်း(က)တွင် ၂၄ နာရီ လျှပ်စစ်မီးလင်းပြီ

တာချီလိတ်မြို့ ၀မ်ပုံဆိပ်ကမ်းနယ်မြေ မိုင်းဖုန်း(က)တွင် ၂၄ နာရီ လျှပ်စစ်မီးလင်းပြီ
သြဂုတ် 21, 2014
By Tachileik News Agency

မြန်မာ - လာအို - ထိုင်း သုံးနိုင်ငံ ဆုံဆည်းရာ ရွှေတြိဂံဒေသ မဲခေါင်မစ်ဝှမ်းတွင် တည်ရှိသော တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စုအတွင်း ကျေးရွာ (၁၀)ရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား ယနေ့ သြဂုတ်လ(၂၁)ရက် နံနက်ပိုင်းက ၀မ်ပုံဆိပ်ကမ်းနယ်မြေ မိုင်းဖုန်း(က)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ၀မ်ပုံရေကြောင်း ရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကြီး အောင်ဇော်မြင့် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ၀မ်ပုံဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့မမြို့ဖ ဦးမောင်လေး နှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စု မီးလင်းရေးကော်မတီဥက္ကဌ ဦးစိုင်းဆွန်လစ်တို့မှ စက်ခလုတ်နှိပ်ကာ လျှပ်စစ်ဓါတ်အား စတင်ပို့လွှတ်ပေးကြပြီးနောက် ဒေသခံတိုင်းရင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ မိုင်းဖုန်း(က) ကျေးရွာအုပ်စုသည် မြန်မာ - ထိုင်း - လာအို - တရုတ်နိုင်ငံများမှ မဲခေါင်မြစ်ဝှမ်း ကုန်စည် စီးဆင်းမှုတွင် အချက်အချာကျရာ ဒေသဖြစ်ပြီး ယခင်က တောတောင်ထူထပ်ကာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခုဖြစ်ခဲ့ကာ ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့် အတူ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ၏ ပံ့ပိုးအကူအညီများဖြင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၀)ရွာအတွင်းရှိ အိမ်ခြေ တစ်ထောင်ကျော်အား (၂၄)နာရီ လျှပ်စစ်ဓါတ်အား ဖြန့်ချီပေးနိုင်ပြီ ဖြစ်သည့်အတွက် ဒေသခံပြည်သူများမှ အထူးဝမ်းမြောက်လျှက် ရှိကြကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~