အိုဘယ့်.... တာချီလိတ်

အိုဘယ့်.... တာချီလိတ်
သြဂုတ် 24, 2014
By Tachileik News Agency

တကယ်တော့ ကျွန်တော်ဟာ တာချီလိတ်သား မဟုတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ဟာ တာချီလိတ်သား တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ တာချီလိတ်မြို့လေးရဲ့ပုံရိပ်တစ်ချို့နဲ့ ကောင်း/ဆိုး တစ်ချို့ကို ရေးလိုက်တာပါ။

ဆောင်းပါးရှင်  ။  ။ မင်းသုတ

တကယ်တမ်းတော့ တာချီလိတ်မြို့ဟာ နယ်စပ်မြို့လေးတစ်မြို့ဖြစ်တာနဲ့အညီ ရွှေ့ပြောင်းလုပ်သားတွေ၊ တစ်နယ်တစ်ကျေးက ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာတဲ့ လူတွေအများဆုံးနဲ့ ဖွဲ့စည်းထားတဲ့ မြို့လေးပါ။ အဲ့လူတွေနဲ့ပါလာသမျှ အကျင့်စရိုက်နဲ့ လူမှုပုံစံတွေဟာ တာချီလိတ်ရဲ့ Image လို့ဆိုရင် ရပါတယ်။

ကျွန်တော်ငယ်ငယ်က တိုက်ခပ်မြင့်မြင့်တွေက မြို့လယ်ပတ်ဝန်းကျင်မှာရှိပြီး လယ်ကွင်းတွေနဲ့ ကွင်းပြင်တွေကြားက ရှည်မျောမျာမြို့လေးပါ။ ပြည်မထဲက အလုပ်အကိုင်ရှားပါးမှု ၀င်ငွေနည်းပါးမှုကြောင့် လူတွေ ပြောင်းရွှေ့လာရာကနေ ကျွန်တော်မြို့လေးဟာ စည်ကားလာခဲ့ပါတယ်။ ဒီလိုနဲ့အတူ တိုးတက်မှုတွေ တော်တော်များပြား လာခဲ့တယ်။ ၂၀၀၁ ခုနှစ်က E7 တောင်ကုန်းကို သောင်းကျန်းသူများ ၀င်ရောက်စီးနင်းရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တာချီလိတ်မြို့ဟာ တဖန်ခြောက်သွေ့သွားပြန်တယ်။

အဲ့ဒီအချိန်မှာတော့ ကျွန်တော်တို့မြို့လေးဟာ ထိုင်းနိုင်ငံနဲ့ ဖြတ်တောက်ခြင်း ခံရတဲ့အတွက် အစစအရာရာ နိပ့်ပါးပြီး မြို့သူ/သားများလည်း တော်တော် ဒုက္ခနဲ့ရင်ဆိုင်ခဲ့ရတယ်၊ ဒီလိုနဲ့ လောကဓံရဲ့သဘောတရားအတိုင်း အဆိုးပြီး အကောင်းပြန်ဖြစ်တဲ့ အလှည့်အနေနဲ့ ကျွန်တော်တို့မြို့ပြလေးဟာ လယ်ကွင်းတွေကနေ မယုံနိုင်စရာ မိုးမျှော်တိုက်တွေနဲ့ လူဦးရေ သိန်းဂဏန်းကျော်ရှိလာခဲ့ရာမှ စည်ကားလာပြီး တစ်နေ့တာ ခရီးသွား(၁)သိန်းလောက် ရှိတဲ့မြို့ပြလေးဖြစ်လာခဲ့တယ်။

လူဦးရေ အဆမတန်နဲ့ များပြားလာတဲ့ ကျွန်တော်တို့မြို့လေးဟာ လူပေါင်းစုံရဲ့ အကျင့်စရိုက်နဲ့ လူမှုပုံစံပေါင်းစုံ ရောယှက်ပြီး မြို့ကြီးတွေရဲ့ အင်္ဂါရပ်နဲ့အညီ မကောင်းမှုတွေ၊ ကောင်းခြင်းလက္ခဏာတွေနဲ့ ပိုမိုပြည့်စုံလာတယ်ပေါ့။

ကျွန်တော်တို့မြို့မှာ မိုးလေ၀သ သာယာတာနဲ့ တရားပွဲတွေ အဆက်မပြတ်ပါဘူး၊ ပြီးတော့ စာပေဟောပြောပွဲတွေလည်း ခြိမ့်ခြိမ့်သည်းဘဲ၊ ဒါကြောင့် ကျွန်တော်တို့မြို့လေးဟာ အရင်က ဘေးအိမ်က ရန်ဖြစ်ရင်တောင် ကိုယ်နဲ့မဆိုင်သလို သွားမဆွဲကြတဲ့သူတွေ၊ လမ်းမှာဆိုင်ကယ်တိုက်ရင် ၀ိုင်းမထူဘဲ ကြည့်နေကြတဲ့သူတွေ၊ ကားတိုက်မိတာ နောက်ပြန်ဆုတ်ပြီး မသေမချင်း တိုက်သတ်တဲ့လူတွေ နည်းပါးလားပြီး လူမှုကူညီရေးအသင်း၊ နာရေးအသင်း၊ အသင်းပေါင်းစုံထွက်ပေါ်လာပြီး လူသားဆန်မှုတွေနဲ့ နွေးထွေးမှုတွေနဲ့ ဥာဏ်ပညာတွေ မြင့်လာခဲ့ပါကြတယ်။

ဒါပေမဲ့လည်း အဆိုးနဲ့အကောင်းက ဒွန်တွဲတဲ့သဘာဝအလျောက် တစ်ဖက်မှာလည်း ကျွန်တော်တို့မြို့မှာ အမေရိကန်က လဒ်ဗီးကပ်အလား၊ လောင်းကစားဝိုင်းနဲ့ဂိမ်းခုံတွေလည်း မှိုလိုပေါက်လာတယ်၊ ခိုးမှုတွေ၊ လုယက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေဟာ နေ့စဉ်လိုလို ကြားနေရပါတယ်။ ကျွန်တော်ငယ်ငယ်က ခိုးမှုနဲ့ မူးယစ်မှုတွေတော့ ကြားဖူးသိဖူးပြီး လုယက်မှုဆိုတာ တော်တော်ရှားပါတယ် အခုနောက်ပိုင်းဆို လုယက်မှုတွေ၊ လူသတ်မှုတွေ ကြားလာရပါတယ်။ မထင်မှတ်စရာ ကျောင်းသားအရွယ်ကလေးတွေက လုယက်တယ်တဲ့။ ဆိုင်ကယ် ကယ်ရီစီးပြီး ပိုက်ဆံမပေးတဲ့အပြင် လူသတ်ပြီး ဆိုင်ကယ်လုတယ်တဲ့။ ဆိုင်ကယ်ပျောက်နှုန်းကလည်း တော်တော်များတယ် ပျောက်ရင် ပြန်ရတယ်သိပ်မကြားဘူး၊ ကျွန်တော် စိတ်မကောင်းဆုံးက ကျောင်းသားအရွယ် ကလေးသူငယ်တွေ ယောက်က်ျား၊ မိန်းကလေး အစုံပေါ့ မူးယစ်ဆေးဝါးသုံးစွဲနေကြတာ။

မူးယစ်ဆေးဝါးက ကျွန်တော်မမွေးခင်ကတည်းက တာချီလိတ်မှာရှိပါတယ် ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့မြို့ရဲ့ လူ့စွမ်းအား အရင်းအမြစ်နဲ့ အသည်းနှလုံးတွေကို ဖဲ့ယူနေတယ်လို့ ခံစားမိတယ်ဗျာ။ ကျွန်တော် တစ်ခုမြင်မိတယ်။ ကျွန်တော်တို့မြို့မှာ ဂိမ်းဆိုင်တော်တော်ပေါတာဗျ။ အရင်က အကြွေစေ့နဲ့ဆော့ကစားတဲ့ ဂိမ်းတွေက အခုတော့ ဘတ်ထောင်တန်တွေ၊ ရာတန်တွေနဲ့ကစားရတာပါ။ လူငယ်လေးတွေက မူးယစ်ဆေးဝါးသုံးစွဲရင်း ဂိမ်းဆော့တယ်၊ ဂိမ်းဆော့လို့ ပိုက်ဆံမရှိတဲ့အခါ ကြံမိကြံရာ ကြံတော့ တရားရုံးရောက်ပြီး ပြစ်ဒဏ်ခံရတယ်၊ ထောင်ထဲပို့လိုက်တာ တကယ်တော့ တရားစခန်းပို့တာမှ မဟုတ်တာ သူတို့ပြန်လည်ပြုပြင်ဖို့ထက် သူတို့ရဲ့ နောင်တော်ကြီးတွေရဲ့ ဆုံးမသြ၀ါဒတွေခံယူပြီး အရင်ကထက် ပညာစုံလင်စွာ သင်ကြားဖို့ ကျောင်းတော်ကြီးပို့ လိုက်သလိုပါဘဲ၊ ထောင်ကပြန်ထွက်တော့ အရင်ကလိုပါဘဲ ဒီလိုနဲ့ သံသရာလည်နေတာ အများအပြားတွေ့ရပါတယ်။

အရင်တုန်းက အချုပ်ခန်းဟာ အနည်းငယ်ဘဲရှိပြီး အခုတော့ အချုပ်ခန်းတွေ ထပ်တိုးနေတာ တကယ်စိတ်မကောင်းစရာပါဘဲ၊ ကျွန်တော်တို့မြို့လေးဟာ တကယ်ဆိုးသွမ်းတဲ့မြို့လေး ဖြစ်နေပြီလား။
ကျွန်တော်တို့ မြို့လေးဟာ တကယ်တော့ ဧည့်သည်တွေနဲ့ စည်ကားနေတဲ့မြို့လေးပါ။ ၂၀၀၁ ခုနှစ်တုန်းကလို အဖြစ်အပျက်များ တကယ်လို့ဖြစ်ခဲ့ရင် ဧည့်သည်တွေ အကုန်ပြန်သွားကြမှာလား၊ အဲ့ဒီအချိန်မှာ ဘယ်သူတွေကျန်ခဲ့မှာလည်း ကျွန်တော်အတွေးပေါင်းစုံနဲ့ ချာချာလည်နေမိတယ်။  ကျွန်တော်ဆုတောင်းမိတယ် အဲ့ဒီအချိန်ကျရင် ကောင်းတာတွေကျန်ရစ်ပြီး ဆိုးတာတွေပြန်သွားပါစေလို့။ နောက်ဆုံး လူဆိုး၊ သူခိုး၊ ဆေးစွဲသူတွေနဲ့ ကျွန်တော်တို့မြို့လေး မကောင်းမှုပေါင်းစုံ တံဆိပ်ကပ်ထားတဲ့မြို့လေး မဖြစ်ပါစေနဲ့လို့။

ဆောင်းပါးရှင်  ။  ။ မင်းသုတ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~