ခွေးရူးပြန်ရောဂါ သိမှတ်စရာ(Rabies)
လူတွင်ဖြစ်စေ၊ တိရစ္ဆာန်တွင်ဖြစ်စေ ခွေးရူးပြန်ရောဂါ ဖြစ်ပွားပြီဆိုပါက၊ ကုရာနတ္ထိ ဆေးမရှိတော့ပါဘူး။ကြိုတင်ကာကွယ်လျှင်တော့ ရပါသည်။
ဘာကြောင့် ခွေးရူးပြန်ရောဂါ ဖြစ်ရတာလဲ
ခွေးရူးပြန်ရောဂါဟာ Rhabdoviridae အုပ်စုဝင် Rabies ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။၎င်းရောဂါပိုးဟာ ဦးနှောက်နှင့် အာရုံကြောစနစ်ထဲမှာ နေထိုင်ကျက်စားလေ့ရှိပြီး အချို့သော လင်းနို့ငှက်တွင်ရှိသော ဗိုင်းရပ်စ်ပိုးများသည်လည်း ခွေးရူးပြန်ရောဂါကို ဖြစ်စေနိုင် သကဲ့သို့ ကြွက်များတွင်လည်း ခွေးရူးရောဂါပိုး ပါရှိနိုင်ပါသည်။
ခွေးရူးပြန်ရောဂါဟာ ဘယ်ပုံဘယ်နည်းနဲ့ ကူးစက်တာလဲ
အဓိက ကူးစက်ပုံ ကူးစက်နည်းကတော့ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်တစ်ကောင်က ကိုက်သောအခါ၊၎င်း၏ တံတွေးမှတစ်ဆင့် ကူးစက်ခြင်းမျိုးပဲ ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ခွေးရူးရောဂါပိုးပါဝင်သော တံတွေး (သို့ ) အာရုံကြောအသားစနှင့် ပါးစပ်၊ မျက်လုံးစသည့်တို့ ရှိ အမြှေးပါး (သို့ ) စုတ်ပြဲနေသော အရေပြားတို့  ထိတွေ့ မိပြီးတော့လည်း ရောဂါကူးစက်တတ်သည်။ ခွေးရူးရောဂါပိုး ပါရှိနေသော မျက်ကြည်လွှာ အစားထိုးကုသခြင်းနှင့် အသဲ (သို့ ) ကျောက်ကပ် အစားထိုးကုသခြင်းများမှ တစ်ဆင့်လည်း ကူးစက်မှုမျိုးသည်လည်း ရှားရှားပါးပါး တွေ့ ရတတ်ပါသေးသည်။
ဓါတ်ခွဲခန်းများနှင့် လင်းနို့ များနေထိုင်ရာ အုတ်ဂူများ အတွင်းမှလေကို ရှူရှိုက်မိပြီးတော့လည်း ရောဂါကူးစက်နိုင်ပါသည်။ အချို့သောတိရစ္ဆာန်များတွင် ခွေးရူးရောဂါပိုးပါရှိသော နို့ ကိုသောက်မိခြင်း၊အသားကို စားမိခြင်းတို့ မှ ရောဂါကူးစက်မှုမျိုးလည်း တွေ့ ရပါသေးသည်။
ပထမဦးစွာ လူတွင်ဖြစ်ပွားသော ခွေးရူးပြန်ရောဂါအကြောင်းကို ဆက်လက် ရေးသားဖေါ်ပြပေးပါမည်။
ရောဂါပျိုးချိန်
(ပိုးဝင်ရောက်သည်မှ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်သည် အထိ ကြာချိန်)
လူတွင် ခွေးရူးပြန်ရောဂါပျိုးချိန်ဟာ ရက်အနည်းငယ်မှ နှစ်နဲ့ ချီ၍လည်း ကြာနိုင်သည်။ အများအားဖြင့်တော့ ပိုးဝင်ပြီး(၁)လမှ (၃)လအတွင်း ရောဂါဖြစ်ပွားလာလေ့ရှိသည်။ လေ့လာမှုတစ်ခုတွင် ရောဂါဖြစ်ပွားမှု
(၄ - ၁၀%) ၌ ရောဂါပျိုးချိန်ဟာ (၆)လ (သို့ ) (၆)လထက် ပို၍ကြာတာကိုလည်း တွေ့ ခဲ့ရသည်။မြန်မာနိုင်ငံတွင် အတိုဆုံး(၄)ရက်နှင့် အကြာဆုံး(၅)နှစ်အကြာမှာ ရောဂါလက္ခဏာစပြတာကို
တွေ့ ခဲ့ရသည်။
လူတွင်ဖြစ်ပွားသော ခွေးရူးပြန်ရောဂါလက္ခဏာများ
မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခွေးရူးပိုးဝင်ခဲ့သော ကိုယ်ခန္ဓာ အစိတ်အပိုင်း၌၊ နာကျင်ခြင်း၊ယားယံခြင်း၊ အထိအတွေ့ ခံစားမှု ပြောင်းလဲခြင်း စသည့် လက္ခဏာများကို ဦးစွာတွေ့ ရတတ်ပါသည်။ရက်အနည်းငယ် ကြာလာတဲ့အခါမှာတော့ စိတ်လှုပ်ရှားခြင်း၊ အမြင်ရှုပ်ထွေးခြင်း၊ တုန်တုန်ရီရီ ဖြစ်လာခြင်း၊အိပ်မပျော်ခြင်း၊ အပြုအမူ မူမမှန်ခြင်း၊ အသံနှင့်အလင်းရောင်တို့ ကို မခံနိုင်ခြင်း၊ဂယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်နေစိတ်ထား မမှန်ခြင်း၊ ကြွက်ကြောတတ်ခြင်း၊ သွားရေထွက်ခြင်း၊အစာမျိုရခက်ခြင်း၊ တတ်ခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ ရနိုင်သည်။
ဦးနှောက်ရောင်ရမ်းတဲ့အဆင့် ရောက်သွားချိန်တွင်တော့၊ အလွန်အကျွံ စိတ်လှုပ်ရှားခြင်း၊အာရုံကြောစံနစ်များ ပုံမှန်အလုပ် မလုပ်တော့ခြင်း၊ ရေကြောက်ခြင်း တစ်ကိုယ်လုံး အကြောသေခြင်း စသည့် လက္ခဏာများတွေ့ ရပြီး နောက်ဆုံး အသက်ရှူမရတော့လို့  (၂)ရက်မှ (၁၀)ရက်အတွင်းတွင် အသက်သေဆုံးနိုင်သည်။ အသက်ရှင်ဖို့ အခွင့်အရေး အလွန်နည်းပါသည်။
လူအချင်းချင်း ကူးစက်ပုံ
ခွေးရူးပြန်ရောဂါဖြစ်ပွားနေသူ၏ တံတွေးထဲမှာ ရောဂါပိုး ပါရှိနိုင်သည်။ ထိုသူက ကိုက်ခြင်း၊ နမ်းခြင်း၊လိင်ဆက်ဆံခြင်း၊ အိုးခွက်ပန်းကန်များ အတူသုံးစွဲခြင်း၊ ဆေးလိပ် မျှသောက်ခြင်း၊ ထိုသူ၏တံတွေးနှင့် အခြားလူ၏ ပါးစပ်၊ မျက်လုံးစသည်တို့ ရှိ အမြှေပါး (သို့ ) စုတ်ပြဲနေသော အရေပြားတို့  ထိတွေ့ မိခြင်းတို့ မှ ကူးစက်နိုင်သည်။ ခွေးရူးရောဂါသည်ကို ပြုစုစောင့်ရှောက်ပေးနေစဉ် ထိခိုက်ရှနာရပါကလည်း ခွေးရူးပိုး ၀င်နိုင်ပါသေးသည်။ ခွေးရူးပြန်ရောဂါရှိနေသူရဲ့ မစင်၊ ဆီး၊ သွေးနှင့် အခြားသော ခန္ဓာကိုယ်မှထွက်သည့် အရည်များတွင်တော့ ခွေးရူးပိုး မပါဝင်နိုင်ပါ။ တစ်ချို့ တွင် မျက်ကြည်လွှာ အစားထိုးကုသခြင်း၊ ကိုယ်အင်္ဂါ အစားထိုးကုသခြင်းတို့ မှလည်း ကူးစက်နိုင်ပါသည်။ လူတစ်ယောက်တွင် ခွေးရူးပြန်လက္ခဏာများ မပြမီ (၁၄)ရက်အတွင်း၊ ထိုသူနှင့် ထိတွေ့ မိသူတိုင်း ရောဂါကူးစက်နိုင်ပါသည်။
ခွေးရူးအကိုက်ခံရလျှင် ဘယ်လိုကုသပေးရမလဲ
ခွေးရူးအကိုက်ခံရပါက ချက်ခြင်း ဒါဏ်ရာကို ဆပ်ပြာ ရေများများတို့ ဖြင့် ဆေးကြောပေးရပါမည်။အိုင်အိုဒင်း၊ အရက်ပျံ စသည့် ပိုးသတ်ဆေး အရည်များနှင့်လည်း ဆေးကြောပေးနိုင်ပါသည်။ ထို့ နောက် ခွေးရူးကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေး (human rabies immunoglobulin) (သို့ ) (antirabies serum) တို့ ကို ထိုးနှံပေးရမှာ ဖြစ်ပါသည်။ ခွေးရူးကာကွယ်ဆေးကို လက်မောင်းကြွက်သားတွင် (၅)လုံး ထိုးနှံပေးရမှာပါ။ ၎င်းဆေးများကို မြန်မြန်ထိုးပေးနိုင်လျှင် ကြိုတင်ကာကွယ်တဲ့ နေရာမှာ အလွန် ထိရောက်ပါသည်။ ရောဂါလက္ခဏာများပေါ်လာမှ ကုသမည်ဆိုလျှင် အောင်မြင်မှု မရနိုင်တော့ပါ။
လူမှာ ခွေးရူးပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ခွေး/ကြောင် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးထားခြင်း၊ ခွေးရူးကိုက်မခံရအောင် ကာကွယ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကို ကိုင်တွယ်ခြင်းမှ ရှောင်ရှားခြင်း၊ လင်းနို့ များကို အိမ်အတွင်း အ၀င်မခံခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် ကာကွယ်ဆေးကို အစာထဲထည့်ပြီး လေယာဉ်ဖြင့် ကျဲချ၍ ကျွေးမွေးခြင်းတို့ ဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရပါက၊၎င်းကို ချက်ချင်း ဓာတ်ခွဲခန်းပို့ ပြီး ခွေးရူးရောဂါရှိ/မရှိ စစ်ဆေးပေးဖို့ လိုအပ်ပါသည်။
လူတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားနှုန်းနှင့်သေပျောက်နှုန်း
ကမ္ဘာပေါ်မှာ ခွေးရူးရောဂါသည်များ၏ (၉၀%)ဟာ ခွေးရူးကိုက်ခံရခြင်းကြောင့် ရောဂါဖြစ်ရခြင်း ဖြစ်ပါသည်။ လူမှာ ခွေးရူးပြန်ရောဂါဟာ ခွေး၊ကြောင်၊အသားစားသတ္တ၀ါများနှင့်လင်းနို့ များကြောင့် အဓိကဖြစ်ရတာပါ။ ခွေးရူးအကိုက်ခံရပြီး ကာကွယ်ဆေးမထိုးသောသူများ၏ (၂၀%)ခန့် ဟာ ခွေးရူးပြန်ရောဂါဖြစ်ပွားကြတာကို တွေ့ ရပါသည်။ ရောဂါလက္ခဏာများ စပြပြီး (၃)ပတ်အတွင်း သေဆုံးနိုင်သည်။
ယခုဆက်လက်ပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားသော ခွေးရူးရောဂါ အကြောင်းကို ရေးသားဖေါ်ပြပေးပါမည်။
သွေးနွေး သတ္တ၀ါ အားလုံးမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်ပါသည်။
ရောဂါပျိုးချိန်(တိရစ္ဆာန်တွင်)
ရောဂါပျိုးချိန်ဟာ အခြေအနေအရ အမျိုးမျိုး ကွဲပြားနိုင်သည်။ ခွေး/ကြောင်များတွင် (၁၀)ရက်မှ (၆)လအတွင်းမှာ ရောဂါဖြစ်ပွားနိုင်သည်။ အများအားဖြင့်တော့ (၂)ပတ်နှင့် (၂)လကြားမှာ ရောဂါဖြစ်ပွားလေ့ ရှိသည်။ တစ်ခါတစ်ရံ (၆)လထက်လည်း ပို၍ကြာနိုင်သည်။ ဦးခေါင်းပိုင်း၌ ခွေးရူးကိုက်ခံရသော နွားတစ်ကောင်မှာ (၄)ရက်အကြာ၌ ရောဂါလက္ခဏာများ စတင် ပေါ်ပေါက် လာတာကိုလည်း တွေ့ ရဖူးပါသည်။
တိရစ္ဆာန်များတွင် တွေ့ ရသော ခွေးရူးရောဂါလက္ခဏာများ
အစဦးလက္ခဏာအားဖြင့် ကြောက်ရွံ့ သကဲ့သို့ ဖြစ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ တစ်ချို့တွင် အစားလျော့ပြီး တစ်ချို့တွင် အစားလွန်ခြင်း၊ အန်ခြင်း၊ အနည်းငယ်ဖျားခြင်း၊ သူငယ်အိမ် ကျယ်လာခြင်း၊ တုံ့ပြန်မှုလွန်ကဲခြင်း၊ သွားရေကျခြင်း၊ အမူအယာပြောင်းလဲလာခြင်း၊ စိတ်တိုလာခြင်း၊ ခွေးရူးပိုး စတင် ၀င်ရောက်ခဲ့သော ကိုယ်အင်္ဂါ အစိတ်အပိုင်း၌ အလွန်ယားယံခြင်း စသည့်လက္ခဏာများကို (၂)ရက်မှ (၅)ရက်ကြာသည့်တိုင်အောင် တွေ့ ရတတ်ပါသည်။
ဒုတိယ၊ အကြောသေ/ဆွံ့ အ(Paralytic/Dump) ပုံစံအဖြစ်နဲ့ တွေ့ ရသည့် လက္ခဏာများကတော့၊ တစ်ဆင့်ပြီးတဆင့် တိုး၍ အကြောများသေလာခြင်း၊ လည်မျိုကြွက်သားများ အကြောသေလာသဖြင့် အစာမမျိုနိုင်ခြင်းနှင့် သွားရေအလွန်အကျွံကျခြင်း၊ မျက်နှာကြွက်ကြောများသေပြီး အောက်မေးရိုး အောက် တစ်ဆင့်ပြုတ်ကျခြင်း၊ ကြွက်သားလှုပ်ပုံ မညီညာခြင်း၊ အကြောဆွဲခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်သည်။ အများအားဖြင့်တော့ မကိုက်တတ်ပါ၊ တစ်ချို့ အကောင်များတွင်တော့ ကိုက်တတ်သည်။ (၂)ရက်မှ (၆)ရက်အကြာမှာ အသက်ရှူမရပဲ သေဆုံးသွားလေ့ရှိသည်။ ဤပုံစံဟာ အတွေ့ ရ အများဆုံးပုံစံဖြစ်ပါသည်။
တတိယ၊ အပြင်းစား(Furious)ပုံစံတွင်တော့၊ ဂနာမငြိမ်ခြင်း၊ လှည့်လည်သွားလာခြင်း၊ အူသံပေးခြင်း၊အသက်ရှူမြန်ခြင်း၊ သွားရေကျခြင်း၊ လူ/တိရစ္ဆာန်နှင့် အရာဝတ္ထုများကို ကိုက်ခြင်း/ကုတ်ခြင်း၊
သူ့ ကိုယ်ခန္ဓာ/အရာဝတ္ထုများနှင့် မစင်များကို မျိုခြင်း/၀ါးခြင်း၊ လှောင်အိမ်ဖြင့်ထားသော ခွေးဖြစ်လျှင် လှောင်အိမ်ကို ကိုက်ခြင်း၊ နောက်ဆုံးအဆင့်တွင် တက်ခြင်းတို့ ကို တွေ့ ရတတ်သည်။ တစ်ခါတစ်ရံ တက်နေစဉ် သေဆုံးသွားတတ်သည်။ အများအားဖြင့်တော့ ဒယိမ်းဒယိုင်ဖြစ်ခြင်းနှင့် အကြောဆွဲခြင်း
တို့ ကို နောက်ပိုင်းမှာ တွေ့ ရတတ်သည်။ (၄)ရက်မှ(ဂ)ရက်အကြာမှာ အများအားဖြင့် သေဆုံးသွားလေ့ရှိသည်။ ကြောင်တွင် ဤပုံစံမျိုး ပို၍တွေ့ ရတတ်ပါသည်။
ခွေးရူးရောဂါ၏ လက္ခဏာများကို ပုံသေသတ်မှတ်လို့ မရပါ၊ ယုံကြည်စိတ် အချရဆုံး လက္ခဏာများကတော့ အမူအရာပြောင်းလဲလာခြင်းနှင့် အကြောသေ အကြောဆွဲခြင်းတို့ ဘဲ ဖြစ်သည်။အချို့သောကြောင်များတွင်တော့ အမူအရာမပြောင်းလဲဘဲ ခန္ဓာကိုယ်နောက်ပိုင်း အားနဲခြင်းနှင့် အကြောဆွဲခြင်းတို့ တွေ့ ရတတ်သည်။ တစ်ချို့ တိရစ္ဆာန်များတွင် သိသာထင်ရှားတဲ့ လက္ခဏာမပြဘဲနဲ့  (၁)ရက်အတွင်း သေဆုံးသွားခြင်းမျိုးလည်း တွေ့ ရတတ်သည်။ လက္ခဏာများ စပြပြီဆိုလျှင်တော့ အသက်ရှင်သန်ဖို့ အခွင့်အရေး အတော်နဲသွားပါပြီ။
တိရစ္ဆာန်တွေမှာ ခွေးရူးရောဂါ ဘယ်လိုကူးစက်ကြတာလဲ
ခွေးရူးရောဂါရှိသောကြောင်တွင် ရောဂါလက္ခဏာများမပြမီ (၁)ရက်မှ(၅)ရက်အတွင်း သွားရေထဲမှာ ရောဂါပိုးပါရှိနိုင်သလို ခွေးရူးတွင်တော့ ရောဂါလက္ခဏာများ စတင်မပြမီ (၁၃)ရက်အတွင်း သွားရေထဲမှာ ရောဂါပိုး ပါရှိနိုင်သည်။ ကြုံတောင့်ကြုံခဲ တစ်ချို့တိရစ္ဆာန်တွင် ခွေးရူးရောဂါမှ ပြန်လည်သက်သာလာပြီး မည်သည့် လက္ခဏာမှမပြဘဲ သူ့ ရဲ့သွားရေထဲမှာ ခွေးရူးရောဂါပိုး အမြဲတမ်းသယ်ဆောင်ထားခြင်းမျိုးလည်း ရှိတတ်ပါသည်။
ခွေးရူးတိရစ္ဆာန်ကို ဘယ်လိုကုသပေးရမှာလဲ
ရောဂါလက္ခဏာများ ပြပြီဆိုလျှင်တော့ ကုသလို့ မရနိုင်တော့ပါဘူး။ ခွေးရူးကာကွယ်ဆေး မထိုးခဲ့ဖူးသော တိရစ္ဆာန်တစ်ကောင် ခွေးရူးကိုက်ခံရပါက ခွေးရူးကာကွယ်ဆေး တစ်မျိုးထဲ ထိုးပေးရုံနှင့် ခွေးရူးရောဂါကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ Monoclonal antibody ဆေးနှင့် တွဲ၍သုံးမှသာ ထိရောက်မှုရှိမှာ ဖြစ်ပါသည်။
တိရစ္ဆာန်တွေမှာ ခွေးရူးရောဂါမဖြစ်ပွားအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ
ခွေး/ကြောင်စသည့် အိမ်မွေးတိရစ္ဆာန်များကို ကြိုတင်ကာကွယ်ဆေး ထိုးနှံထားပေးခြင်းဖြင့် ကာကွယ်နိုင်သလို တောရိုင်းတိရစ္ဆာန်များကို အစာထဲမှာ ကာကွယ်ဆေး ရောထဲ့ကျွေးခြင်းဖြင့် ကာကွယ်နိုင်သည်။ ကြောင်တစ်ကောင်က လင်းနို့ တစ်ကောင်ကို ဖမ်းခဲ့လျှင် ၎င်းလင်းနို့ ကို ဓာတ်ခွဲခန်းပို့ပြီး ခွေးရူးရောဂါ ရှိ/မရှိ စစ်ဆေးဖို့  လိုအပ်ပါသည်။
ခွေးရူးကာကွယ်ဆေး မထိုးခဲ့ဖူးသော တိရစ္ဆာန်တစ်ကောင်၊ ခွေးရူးကိုက်ခံရပါက (၆)လကြာအောင် ထိန်းချုပ်ထားဖို့  လိုအပ်ပါသည်။ (၅)လအကြာမှာ သူ့ ကို ခွေးရူးကာကွယ်ဆေး ထိုးပေးပြီး၊နောက်(၁)လကြာမှ လွှတ်ပေးရမှာ ဖြစ်ပါသည်။ ခွေးရူးကာကွယ်ဆေး ထိုးခဲ့ဖူးသော တိရစ္ဆာန်တစ်ကောင် ခွေးရူးကိုက်ခံရပါက၊ ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးပြီးနောက် (၃)လကြာသည်အထိ သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါသည်။
တိရစ္ဆာန်တွင် ခွေးရူးရောဂါ ဖြစ်ပွားနှုန်းနှင့်သေပျောက်နှုန်း
ခွေးရူးရောဂါဖြစ်ပွားနှုန်းမှာ ဗိုင်းရပ်ပိုး အမျိုးအစား၊ ၀င်ရောက်သော ပိုးအရေအတွက်၊ ပိုးဝင်ရာ လမ်းကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း အကိုက်ခံရသောတိရစ္ဆာန်၏ အသက်အရွယ်နှင့် ကိုယ်ခံစွမ်းအား အခြေအနေတို့ အပေါ်မူတည်၍ အမျိုးမျိုး ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများပြသော တိရစ္ဆာန်အားလုံးလိုလို သေဆုံးနိုင်ပါသည်။
လေ့လာမှုတစ်ခုအရ ခွေးအကောင်(၁၀၀)လျှင် (၁၇)ကောင်နှုန်း၊ ခွေးရူးရောဂါပိုးကို ခံနိုင်ရည်ရှိတာကို တွေ့ ခဲ့ရပါသည်။
အချုပ်အားဖြင့်ဆိုရသော် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးကာကွယ်ဆေး ကြိုတင်ထိုးနှံပေးထားရန် အထူး လိုအပ်လှပြီး၊ တိရစ္ဆာန်တစ်ကောင်ဟာ အမူအယာပြောင်းလဲလာပြီး အကြောသေ၊အကြောဆွဲဖြစ်လာပြီဆိုရင်တော့ သတိသာထားပေတော့လို့  ဆိုလိုက်ပါရစေခင်ဗျာ။
Ref; Factsheet of Iowa State University,IA,USA