မိုင်းဆတ်ခရိုင် ပူနားကို နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း နှင့် စပ်လျဉ်း၍ သတင်းကွင်းဆက်များအရ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းအုပ်စု၊ ပူနားကိုကျေးရွာ အနီးဝန်းကျင်အား တပ်မတော် နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးထုတ်လုပ်မှု ကင်းစင်ရန်အတွက် စဉ်ဆက်မပြက် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေကြရာ နေ့စဉ်လိုလိုပင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တောတွင်းနေရာများ နှင့် လူမနေသည့် အဆောက်အဦများတွင် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ထိုသို့ နယ်မြေရှင်းလင်းစဉ် သြဂုတ်လ(၉)ရက် နေ့လည် (၂း၃၀)နာရီအချိန်က အမှတ် (၅၅၃) ခြေမြန်တပ်ရင်းမှ မိုင်းတွမ်းအုပ်စု ပူနားကိုကျေးရွာအနီးရှိ လျှိုအတွင်း ၀ှက်ထားသော မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ထိုသို့ ရှာဖွေတွေ့ရှိရာတွင် လျှိုအတွင်းမှ ကော်မှုန့်(၈)ကီလို၊ အပြာရောင်ကြွေရေသုတ်ပေါင်းအိုး၊ စတီးကတော့(၂)ခု၊ ဟွန်ဒါဂျီတီ အမျိုးအစားမီးစက်(၁)လုံး၊ လက်ကိုင်ကိုင်းပါ ကော်ရေခွက်(၆)လုံး၊ မီးပလပ်ခုံ(၁)ခု၊ ဆိုလိုတိတ်ကြီး(၄)ခွေ နှင့် အသေး(၂၃)ခွေ၊ ရေစစ်သံဇကာ (၅)ခု၊ ဇွန်းခွက်(၃)ချောင်း၊ A နှင့် Q ပုံသဏ္ဍာန်ပါ လေဆာတံဆိပ်တုံး (၂)ခုနှင့် မူးယစ်ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုသည့် အပြာရောင်အိတ်ခွံ (၈၀၀၀၀)လုံးတို့အား ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြပြီးနောက် မိုင်းတွမ်းနယ်မြေရဲစခန်းမှ မယ(ပ)၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
မိုင်းဆတ်ခရိုင် ပူနားကိုကျေးရွာ အနီးဝန်းကျင်တွင် မူးယစ်တိုက်ဖျက်ရေး စီမံချက်အဖြစ် တပ်မတော်နှင့် မူးယစ်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်းလင်းမှုများအဖြစ် ဆောင်ရွက်မှုကြောင့် ဇူလိုင်လ(၃၀)ရက်နေ့မှ စတင်ကာ သြဂုတ်လ(၉)ရက်နေ့ထိ အဆက်မပြတ် ရှာဖွေသိမ်းဆည်းရရှိနေတာကို တွေ့ရှိရသည်။