နားဟိုင်းလုံ ရွှေတူးဖော်မှုကိစ္စအား လုံးဝရပ်ဆိုင်းရန်နှင့် လျော်ကြေးများပေးပြီး လယ်မြေများ ရှင်းလင်းပေးရန်အတွက် ပြည်နယ်သတ္တုတွင်းဝန်ကြီးမှ တာချီလိတ်တွင် ယတိပြတ်ပြောကြား

နားဟိုင်းလုံ ရွှေတူးဖော်မှုကိစ္စအား လုံးဝရပ်ဆိုင်းရန်နှင့် လျော်ကြေးများပေးပြီး လယ်မြေများ ရှင်းလင်းပေးရန်အတွက် ပြည်နယ်သတ္တုတွင်းဝန်ကြီးမှ တာချီလိတ်တွင် ယတိပြတ်ပြောကြား
သြဂုတ် 5, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲရှိ နားဟိုင်းလုံကျေးရွာမှ ရွာသူ၊ ရွာသားများ၏ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းသည် ယနေ့ သြဂုတ်လ(၅)ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာပြီးနောက်  ညနေ(၃း၂၀)နာရီအချိန်မှာ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ၀န်ကြီးအပါအ၀င် နားဟိုင်းလုံမှ ရွာသူရွာသားများ နှင့် တာဝန်ရှိ ရွှေတူးဖော်ရေးကုမ္ပဏီတို့ ထိပ်တိုက်တွေ့ဆုံ၍ နားဟိုင်းလုံ ရွာသူ ရွာသားများ၏ အနာဂတ်အတွက် တွေ့ဆုံညှိနှိုင်းပြီး နားဟိုင်းလုံကျေးရွာအနီးရှိ ရွှေတူးဖော်သည့် ကုမ္ပဏီများအားလုံး လုံးဝရပ်ဆိုင်းရန် ယတိပြတ် ညွှန်ကြားသွားသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်းများ အသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် တာဝန်ရှိ သတ္တုလုပ်ငန်းရှင်များ၊ ဒေါ်နန်းလာ ဦးဆောင်သည့် နားဟိုင်းလုံ ရွာသူ၊ ရွာသားများ ပါဝင်ပြီး နားဟိုင်းလုံကျေးရွာအနီး ရွှေတူးဖော်သည့် လုပ်ငန်းများ ရပ်ဆိုင်းသွားစေရန်နှင့် ရွာသူရွာသားများ၏ လယ်ယာမြေများကို ပကတိအတိုင်း ပြန်လည်ပြုလုပ် ပေးနိုင်ရန်အတွက် သင့်တော်သည့် နစ်နာကြေးများ ရရှိစေရေး စသည့်ကိစ္စများကို အကြိတ်အနယ် ဆွေးနွေးတင်ပြခဲ့ကြခြင်းဖြစ်သည်။

ညှိနှိုင်းဆွေးနွေးမှုတွင်  ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက "သတ္တုတူးဖော်ရေးလုပ်ငန်း၏ အရေးကြီးဆုံးအချက်သည် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမည့်အရေးကို ရှောင်ရမှာဖြစ်ကြောင်း၊ ၂၀၁၂ ၀န်းကျင်က အခုဖြစ်ပေါ်နေတဲ့ ရွာကို လာရောက်ကြည့်ရှုခဲ့ပြီး လယ်မြေအတွင်း လယ်ပြန်စိုက်၍ရရန် မြေဇာ နှင့် နှုံးများမကျန်အောင် ဖယ်ရှားပေးဖို့ မှာထားခဲ့ပြီးကြောင်း၊ ကုမ္ပဏီနှင့် လယ်သမားများ ညှိနှိုင်းပြီး နစ်နာကြေးတွေ ပေးခဲ့ပေမဲ့လည်း စလုပ်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွေအနေနဲ့ စည်းကမ်းနှင့်လုပ်ကိုင်လျှင် ယခုလိုဖြစ်မှာမဟုတ်ကြောင်း၊ ယခုလို ဖြစ်ပေါ်နေတဲ့ ပြဿနာများကို အမြန်ဆုံးပြီးမြောက် အောင်မြင်စေရန်အတွက် ယနေ့ လာရောက်တာဖြစ်ကြောင်း၊ လယ်သမားတွေအတွက် ကုမ္ပဏီဘက်က (၁) လယ်မြေအတွင်း စိုက်ပျိုး၍ရရန် သဲနှင့်နုံးများကို ဖယ်ရှားပေးရန်၊ (၂) လယ်သမားများအား သင့်တော်သည့် တန်ဖိုးအလိုက် နစ်နာကြေးပေးလျော်ရန် (၃) စိုင်းတစ်၊ လွယ်ခမ်းလုံ နှင့် စိုင်းစိုက်ပျိုးရေးကုမ္ပဏီတို့ မရပ်မနေရ လုံးဝရပ်ဆိုင်းရမည် ဖြစ်ကြောင်း" အဖွင့်အမှာစကားအနေဖြင့် ပြောကြားသွားသည်။

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူး ဦးတင်နွယ်က "ရှမ်းအရှေ့တွင် ၂၀၀၆ ခုနှစ်ထိ ထူးထူးခြားခြားမရှိသေးကြောင်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်မှစ၍ ရှမ်းအရှေ့တွင် သတ္တုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ကြောင်း၊ ရှမ်းအရှေ့တွင် သတ္တုကုမ္ပဏီအနေဖြင့် စုစုပေါင်း (၆၃)ကုမ္ပဏီရှိကြောင်း၊ မိမိတို့ သတ္တုလုပ်ငန်းရှင်များအသင်းအနေဖြင့် အစည်းအဝေးလုပ်တိုင်းတွင် များသောအားဖြင့် ကုမ္ပဏီများမှ မတက်ရောက်ကြောင်း၊ သတ္တုလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် များပြားသည့်အတွက် ရပ်ဆိုင်းမည့် ကိစ္စအား ယာယီရပ်ဆိုင်းမှုအဖြစ်သာ သတ်မှတ်ပေးပါရန် တောင်းဆိုပါကြောင်း နှင့် လယ်မြေများအား ပြန်လည်ပြုပြင်မှုပြီးမြောက်သွားပါက ဆက်လက်လုပ်ကိုင်ခွင့်ရရေးကို စဉ်းစားပေးစေလိုပါကြောင်း၊ ရွာသားများအား ကျေနပ်သည်အထိ လုပ်ဆောင်ပေးမှာဖြစ်ပြီး ရွှေလုပ်ငန်းရှင်များကိုလည်း စုစုစည်းစည်းဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း" ရွှေလုပ်ငန်းရှင်များ ကိုယ်စား ဆွေးနွေးတင်ပြသွားသည်။

ဆက်လက်၍ ရွှေလုပ်ငန်းရှင်များဘက်မှ လွယ်ခမ်းလုံ ကုမ္ပဏီမှ ဒါရိုက်တာ ဦးသိန်းကိုဝင်းက "လွယ်ခမ်းလုံ ကုမ္ပဏီအနေဖြင့် လုပ်ကွက် (၄)ကွက်ရှိရာ နိုင်ငံတော်အား ရွှေ (၄၃၀)ကျပ်သားကျော် ပေးသွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခင်နှစ်က လယ်သမားများ၏ နစ်နာမှုကို ဧကအလိုက် လျော်ပေးခဲ့ပြီးကြောင်း၊ နားဟိုင်းလုံအတွင်း ရေရရှိရေး၊ ဆိုလာတပ်ဆင်ပေးရေး များကို ဆောင်ရွက်ခဲ့ပြီးကြောင်း ၂၀၁၃ခုနှစ်က နစ်နာကြေးပေးရာတွင် သဘောတူညီချက် (၁၀)ချက်ဖြင့် (၁၃.၆.၂၀၁၃)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း နှင့် လွယ်ခမ်းလုံ နှင့် စိုင်းတစ် ကုမ္ပဏီတို့မှ ယခုလို လျော်ကြေးများ အပါအ၀င် ကျေးရွာအတွင်း ဖွံ့ဖြိုးရေးများအတွက် ကျပ်သိန်းပေါင်း (၁၃၅၈)သိန်းကျော် အကုန်အကျခံခဲ့ကြောင်း"စသည်ဖြင့် ဆွေးနွေးတင်ပြသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ၀န်ကြီးအား "အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးအနေဖြင့် ရှမ်းအရှေ့တွင် လုပ်ပိုင်ခွင့်ရထားသော သတ္တုကုမ္ပဏီများ၏ လုပ်ပိုင်ခွင့် သတ်မှတ်ရက် အချက်အလက်များ၏ မိတ္တူကို လိုချင်ပါကြောင်း၊ သို့မှသာ ကုမ္ပဏီများ၏ လုပ်ပိုင်ခွင့် သတ်မှတ်ရက်များကို သိရှိရပြီးလျှင် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းဝင်နေသော ကုမ္ပဏီများကို စီစစ်နိုင်မှာဖြစ်ကြောင်း"တင်ပြဆွေးနွေးသည်။

ထိုကဲ့သို့ အပြန်အလှန် ဆွေးနွေးမှုများအပြီးတွင် ၀န်ကြီးက "အမှန်တကယ် စိုက်ပျိုး၍ မရသော လယ်များကို တစ်ဧကလျှင် ကျပ်(၆၆၀၀၀၀)ဖြင့် လယ်သမားနှင့်ကုမ္ပဏီ သဘောတူညီစွာဖြင့် လျော်ကြေးပေးရန်နှင့် မပျက်စီးသည့် လယ်မြေများကို သင့်တော်သည့် နှုန်းဖြင့် လျော်ပေးရန်၊ လယ်မြေများအတွင်း ရှိနေသည့် သဲနှင့်နုံးများကို အမြန်ဆုံးဖယ်ရှားပေးရန် နှင့် စိုင်းတစ်၊ လွယ်ခမ်းလုံ နှင့် စိုင်းစိုက်ပျိုးရေး ကုမ္ပဏီ (၃)ခုစလုံး လုံးဝရပ်ဆိုင်းရန် အပြင် ကျေးရွာများနှင့် ဝေးသည့် နေရာများတွင်သာ ရွှေ့ပြောင်းလုပ်ကိုင်ကြရန်" ထပ်မံဆုံးဖြတ်ညွှန်ကြားသွားသည်။

လျော်ကြေးပေးရန်ကိစ္စနှင့် ပတ်သက်၍ လယ်မြေများအတွင်း အမှန်တကယ် ပျက်စီးသည့် လယ်မြေများနှင့် မပျက်စီးဘဲ စိုက်ပျိုး၍ မရသည့် လယ်များကို သေချာစီစစ်ပြီး လျော်ကြေးပေးနိုင်ရန်အတွက်ကို ၀န်ကြီးမှ လယ်မြေ စစ်ဆေးတိုင်းတာမှုကို သက်ဆိုင်ရာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်စေပြီး သတ်မှတ်ရက် (၁၀)ရက်ပြည့်သည့် သြဂုတ်လ(၁၅)ရက်နေ့တွင် ရွာသူ ရွာသားများအား လျော်ကြေးငွေအဖြစ် တာလေမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးရုံးတွင် တစ်ပါတည်း ပေးလျော်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းသည် တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ နားဟိုင်းလုံကျေးရွာအနီးရှိ တောင်ပေါ်တွင် တောင်ကိုဖြို၍ ရွှေတူးဖော်သည့် လုပ်ငန်းများကြောင့် နားဟိုင်းလုံကျေးရွာမှ ရွာသူရွာသူများ၏ လယ်ယာမြေများအတွင်း ရွှေတူးဖော်သည့် လုပ်ကွက်များမှ စီးဆင်းလာသော ရေနှင့်သဲများသည် စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက်လာပြီးနောက် လယ်မြေများအတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်လို့ မရတော့သည်အထိ ဖြစ်ပွားလာခဲ့ပြီး နှစ်စဉ် နစ်နာကြေးများ ရရှိခဲ့သော်လည်း ရွာသူ၊ ရွာသားများအနေဖြင့် နားဟိုင်းလုံကျေးရွာနှင့် အနီးဆုံးတွင် ရွှေတူးဖော်မှုလုပ်ငန်းများကို လုံးဝရပ်ဆိုင်းပေးနိုင်ရန် အတွက် ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့က အဆိုပါ ရွာသူ ရွာသားများမှ တောင်ကြီးမြို့သို့ သွားရောက်တွေ့ဆုံကာ ရွှေတူးဖော်သည့် လုပ်ငန်းများကြောင့် ရွာသူ၊ ရွာသားများ အနေဖြင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေမှုကို တင်ပြခဲ့ပြီးနောက်  ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ (၅)ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
သတင်း ။  ။ ကိုဇောင်း

နားဟိုင်းလုံ နှင့် ပတ်သက်သည့် ယခင် ဆက်စပ်သတင်းများ

  • စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာသို့ သွားရောက်ကွင်းဆင်း စစ်ဆေး
  • http://www.tachileik.net/2013/05/narhinelonevillage.html
  • နားဟိုင်းလုံ လယ်သမားများ နစ်နာလျော်ကြေး စပါးဖိုး ထိုင်းဘတ်ငွေ (၁၆)သိန်းကျော်ရရှိ
  • http://www.tachileik.net/2013/12/Tar-Lay-News.html
  • နားဟိုင်းလုံ လယ်သမားများ အချက် (၁၀)ချက်ဖြင့် သဘောတူညီလက်မှတ်ရေးထိုး
  • http://www.tachileik.net/2013/06/narhlon.html
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~