ရွှေတြိဂံဒေသသို့ အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရေးအသင်းတို့ သွားရောက်၍ လူနေမှုဖွံ့ဖြိုးရေး အသိပညာပေး

ရွှေတြိဂံဒေသသို့ အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရေးအသင်းတို့ သွားရောက်၍ လူနေမှုဖွံ့ဖြိုးရေး အသိပညာပေး
သြဂုတ် 11, 2014
By Tachileik News Agency

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သက်ဆိုင်ရာ ဒေသများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် မြို့နယ်များ၊ ကျေးလက်ဒေသများတွင် ကွင်းဆင်း၍ ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၁)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေဖြစ်သည့် မိုင်းဖုန်း(က)ကျေးရွာ အုပ်စုသို့ သွားရောက်၍ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ အပါအ၀င် တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးမှူး နှင့် ကျန်းမာရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နံနက် (၉း၄၀)နာရီ အချိန်တွင် ၀မ်ပုံကျေးရွာတွင် ကျောင်းအုပ် ဆရာမကြီးဒေါ်ဝင်းဝင်းအေး အပါအ၀င် ဆရာ၊ဆရာမ (၁၂)ဦးရှိပြီး ကျောင်းသား ကျောင်းသူ ကလေးသူငယ် (၂၈၀)ဦး ရှိသည့် အခြေခံ မူလတန်းကျောင်း (၀မ်ပုံ)သို့ သွားရောက်ကာ ထိုင်းဘတ်ငွေ (၁၀၀၀၀) တန်ဖိုးရှိသည့် စာရေးခုံ (၅)စုံကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး နှင့် ကျောင်းသား ကျောင်းသူများက ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့်  မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် တို့သည် ကျောင်းအတွင်း ကလေးသူငယ်များအား ကျန်းမာရေးနှင့် ပတ်သက်၍ ငှက်ဖျား၊ တုတ်ကွေး စသည့် ရောဂါများ ကူးစက်ဖြစ်ပွားမှု အဖြစ်မလွယ်စေရန် အတွက် သိသင့်သည်များကိုလည်း ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ၎င်းတို့အဖွဲ့သည် ၀မ်ပုံကျေးရွာအတွင်းရှိ ရွာလယ်ခန်းမတွင် ကျန်းမာရေး နှင့် ပတ်သက်၍ ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် ခြင်ကိုက်ခဲမှုကြောင့် ဆိုးကျိုးများဖြစ်ပွားနိုင်သည့် ကျန်းမာရေး အသိပညာပေးမှုများကို ရွာသူရွာသား တိုင်းရင်းသားများအား မြန်မာဘာသာ နှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် အသိပညာပေးခဲ့ကြသည်။

တဆက်တည်းမှာပင် လူမှောင်ခို နှင့် အကြမ်းဖက်မှုများဆိုင်ရာ လူကုန်ကူးမှု အကြောင်းအရာများနှင့် ပတ်သက်၍ တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး က အတွေ့အကြုံများနှင့် ဖြစ်လေ့ရှိသည့် လူကုန်ကူးမှုအခြေအနေများကို ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်ပြီး အမျိုးသမီးရေးရာအကြောင်း သိကောင်းစရာများကို မြန်မာ ဘာသာ နှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းဆီဖောင်းက ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့မှ တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသူများနှင့် ရင်းနှီးနွေးထွေးပျူငှာစွာဖြင့် အထွေထွေစကားဝိုင်း နှင့် စာဖတ်ဝိုင်းပြုလုပ်၍လည်း အမြင်များကို ဖလှယ်ခဲ့ကြသည်။

အဆိုပါအဖွဲ့တို့သည့် တွေ့ဆုံဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံ ရွာသူ၊ ရွာသား တိုင်းရင်းသားများအား လူကုန်ကူးမှုနှင့် ပတ်သက်၍ သိကောင်းစရာ ရှမ်း-မြန်မာ နှစ်ဘာသာပါ လက်ကမ်း စာရွက်များ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာရွက်များကို ပေးဝေခဲ့ကြပြီးနောက် အာဟာရအဖြစ် ကြက်ဥများနှင့် ခေါက်ဆွဲခြောက်များကိုလည်း ဝေငှပေးခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပါဝင်သည့် အဖွဲ့တို့သည် ယခု သြဂုတ်လထဲတွင် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု စသည့်ဒေသများတွင်လည်း သွားရောက်၍ ယခုလို လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~