အာခါ/လားဟူတိုင်းရင်းသား ကျေးရွာသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့

အာခါ/လားဟူတိုင်းရင်းသား ကျေးရွာသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့မှ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့
သြဂုတ် 21, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်းရှိ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားများ နေထိုင်သည့် ကျေးလက် တောရွာများသို့ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ သွားရောက်၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေလျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၁)ရက် နံနက် (၉)နာရီအချိန်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အတွင်းရှိ ရန်ရှင်း(၃) နှင့် မောတွီကျေးရွာသို့ သွားရောက်ကာ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သွားရောက်ရာတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ပါဝင်သည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် ပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ရန်ရှင်း(၃) အ.မ.က(မူလွန်)သို့ သွားရောက်ကာ ထိုင်းဘတ်ငွေ (၁၀၀၀၀)တန်ဖိုးရှိသည့် စာရေးခုံ (၅)စုံကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေနိုင်စေရန်အတွက် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က ကျောင်းသား၊ ကျောင်းသူများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုး ထိန်းသိမ်းတတ်စေရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ အဆိုပါကျောင်းရှိ အာခါ၊ လားဟူ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ လိမ္မာယဉ်ကျေး သိမ်မွေ့စွာ နေထိုင်တတ်ရန်နှင့် အနောက်တိုင်း ယဉ်ကျေးမှုကို အတုမယူစေရန်နှင့် တတ်သိလိမ္မာသော ကလေးသူငယ်များ အဖြစ်နေသွားကြရန်အတွက် အသိပညာပေး ဟောပြောခဲ့သည်။

တဆက်တည်းမှာပင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့သည် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းစဉ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စာပေကြောင့် အသိပညာ ဖွံ့ဖြိုးလာနိုင်စေရန်အတွက် စာအုပ်များ၊ ဂျာနယ်များ၊ သတင်းစာများကို ပေးဖတ်စေပြီးနောက် အဆိုပါ ကျောင်းသို့ စာအုပ်များ၊ သတင်းစာ၊ ဂျာနယ်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အဖွဲ့နှင့် လိုက်ပါလာသည့် တာချီလိတ်ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးမောင်ကြည်မှ  ကျောင်းသား၊ ကျောင်းသူများအား မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးကိစ္စရပ်များ နှင့် ပတ်သက်၍ မြန်မာ့သမိုင်း၊ မြန်မာ့ပုံရိပ်များကို ဟောပြောသွားခဲ့ပြီးနောက် ကလေးသူငယ်များ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်အားကောင်းစေရန်အတွက် ရုပ်ပြကာတွန်းများ၊ ပုံပြင်၊ ဂျာနယ်၊ ၀တ္တု စသည့် ဖတ်စရာ စာအုပ်မျိုးစုံကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ပါဝင်သည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် ပါဝင်သည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မောတွီကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ ထိုင်းဘတ်ငွေ (၁၀၀၀၀)တန်ဖိုးရှိသည့် စာရေးခုံ (၅)စုံကို ပေးအပ်လှူဒါန်းရာ မောတွီ အ.မ.က(မူလွန်) ကျောင်း တာဝန်ခံ ဆရာမ ဒေါ်တင်ဇာမြိုင်နှင့် ဆရာမများမှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ကျန်းမာရေး ညီညွတ်စေရန်ကိစ္စ နှင့် စပ်လျဉ်း၍ အိုင်အိုဒင်းဆား နှင့် ရိုးရိုးဆား ကွဲပြား ခြားနားပုံအပြင် အကျိုးသက်ရောက်ပုံများကို လက်တွေ့စမ်းသပ်၍ ပြသပြီး ကျန်းမာရေးအသိပညာပေး ဟောပြောမှု အဖြစ်ပြုလုပ်ရာ ကျေးလက် အမျိုးသမီး ကျန်းမာရေး ဆရာ ဒေါ်အွမ်ငှိမ်းပိုင် နှင့် ကျန်းမာရေးဆရာမများ ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြသည်။

ဟောပြောမှုများအပြီးတွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့သည် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အိုင်အိုဒင်းဆားထုတ်များ ဝေငှပေးပြီးနောက် အာဟာရအဖြစ် နို့ဗူးများကိုလည်း ပေးဝေခဲ့ကြသည်။

ယင်းနောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့သည် ကျောင်းအတွင်း မုန့်ဆိုင်တန်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ရောင်းချပေးသည့် အစားအစာများမှာ သန့်ရှင်းလတ်ဆတ်မှုရှိမရှိ နှင့် တရုတ်မုန့်များရောင်းချခြင်း ရှိမရှိ စသည်တို့ကို စစ်ဆေးခဲ့ကြသည်။

သတင်း။   ။ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~