တာချီလိတ်ခရိုင်အတွင်း (၂၃)ကျောင်းမြောက် အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်

တာချီလိတ်ခရိုင်အတွင်း (၂၃)ကျောင်းမြောက် အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်
သြဂုတ် 18, 2014
By Tachileik News Agency

မြန်မာ - ထိုင်း - လာအို သုံးနိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်လေးများအား လိမ္မာယဉ်ကျေး သိမ်မွေ့စေရန်နှင့် ဘာသာတရား ၊ မိဘ၊ ဆရာ သမားများအား ရိုသေကိုင်းရှိုင်းမှု ရှိစေရန်အပြင် အမျိုးဘာသာ သာသနာအား ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်အတွက် ဓမ္မစကူးလ်ကျောင်းတော်များ ဖွင့်လှစ်၍ သင်ကြားပို့ချလာရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် တာချီလိတ်ခရိုင်တစ်ခုလုံးတွင် ဓမ္မစကူးလ်ကျောင်းတော် ( ၂၃) ကျောင်းမြောက်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ (၁၈)ရက် မွန်းလွဲ(၂)နာရီအချိန်က အ.မ.က-၀မ်မိုင်(၂)တွင် အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော်အား ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲတွင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော် သာသနဓဇဓမ္မာစရိယ ဦးဓမ္မဓဇ မှ ဓမ္မစကူးလ်ဖောင်ဒေးရှင်းအကြောင်း နှင့် ပတ်သက်၍ သြ၀ါဒမိန့်ကြားတော်မှုပြီးနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် နာယက တစ်ဦးဖြစ်သူ အ.ထ.က(တာချီလိတ်)ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း က ၀မ်းမြောက်ကြောင်းနှင့် ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ရေးအတွက် ရှင်းလင်းတင်ပြ ပြောကြားသွားခဲ့သည်။

တဆက်တည်းမှာပင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ က ဓမ္မစကူးလ်ကျောင်းတော် ရေရှည်တည်တံ့ရေးနှင့် ဓမ္မစကူးလ်မိတ်ဆက်အမှာစကားများကို ပြောကြားသည်။ ယင်းနောက် အ.မ.က-၀မ်မိုင်(၂) အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် နယက ဆရာတော် ဦးကုမာရ က ယခုလို အ.မ.က-၀မ်မိုင်(၂) တွင် ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်နိုင်သည့်အတွက် ရပ်မိရပ်ဖများနှင့် ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားတော်မူသည်။

ဆက်လက်၍  ဖခင်ကြီး ဦးကြင်ပုအား အမှူးထား၍ ဦးထွန်းဝင်း + ဒေါ်မီးမီး မိသားစုတို့မှ အ.မ.က-၀မ်မိုင်(၂) အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော်အတွက် ဓမ္မစကူးလ်ကျောင်းသားကိုင် စာအုပ်(၁၂၀)အုပ် နှင့် ယနေ့ ဖွင့်လှစ်သော ဖွင့်ပွဲတွင် အာဟာရအကျွေးအမွေးများ စသည်တို့ကို လှူဒါန်းလာရာ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ ပြန်လည်၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ကြသည်။

တဆက်တည်းမှာပင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် ဒုတိယ ဥက္ကဌ ဦးဇော်မြင့် + ဒေါ်မာမာဝင်း ( "ဖြိုး"ကုန်စုံဆိုင် )တို့မှ ဘတ်(၃၀၀၀) နှင့် ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်)မှ ဘတ်( ၁၀၀၀)ကို လှူဒါန်းခဲ့ကြပြီး ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အလှူရှင်များမှ ၀တ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အ.မ.က-၀မ်မိုင်(၂) အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော်အား တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော် ဦးသုဓန၊ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ နှင့် အလှူရှင်ဖြစ်သည့် ဦးထွန်းဝင်း + ဒေါ်မီးမီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ကျောင်းတော်အဖြစ် ကနဦး တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်ကို တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် ၂၀၁၃ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် (၁)နှစ်တိတိပြည့်ပြီဖြစ်ပြီး (၁)နှစ်တိတိပြည့်သည့် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်ခရိုင်တစ်ခုလုံးတွင် ဓမ္မစကူးလ်စကူးလ်ကျောင်းတော် (၂၃)ကျောင်းမြောက်အဖြစ် အ.မ.က-၀မ်မိုင်(၂) အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော်အား  ယနေ့ ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဒီလိုမရှိခဲ့ဘူး၊ ဒီလိုတွေမရှိခဲ့တော့ သိသင့် နားလည်သင့်တာတွေ မရှိခဲ့တဲ့အတွက် အခု နောက်ပိုင်းကလေးတွေအတွက် ဒီလို ဓမ္မစကူးလ်ကျောင်းတော်တွေ ဖွင့်လှစ်ပေးတာ အရမ်းကောင်းပါတယ်၊ ကလေးသူငယ်တွေအတွက် မရှိမဖြစ်ပါပဲ"ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးနေမျိုးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"ကလေးလေး တွေကို ကြည့်ရတာ ယောဂီ နဲ့ အင်္ကျီအဖြူလေးတွေနဲ့ ချစ်စရာလေးတွေ၊ သူတို့ကို ကြည့်ရတာနဲ့တင် ဓမ္မစကူးလ်ကျောင်းတော်ကို တက်ချင် စိတ်တောင် ဖြစ်သွားတယ်၊"ဟု ကျောင်းသား မိခင်တစ်ဦးဖြစ်သူ ဒေါ်နန်းလောဝ်ကလည်း ၀မ်းမြောက်စွာဖြင့် ပြောလာသည်။

တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်များ၌ သင်ကြားမှု ဆရာ၊ ဆရာမများ လုံလောက်စွာ ထားရှိနိုင်ရေးအတွက် တတိယအကြိမ်မြောက် ဆင့်ပွားဆရာဖြစ် သင်တန်းကိုလည်း ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်မှ သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်အတွင်း (၂၃)ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းတော်ဖွင့်

148 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~