ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် မိုးရာသီ ကာလရောက်တိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ တဆင့် ရေကြီးမှုများ နှင့် တောင်ကျရေကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိရာ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၄)ရက် နေ့လည်ပိုင်းမှ စ၍ ညနေအထိ တောင်ကျရေများကြောင့် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် နှင့် မိုင်းကိုးကျေးရွာ အုပ်စုတို့တွင် ရေကြီးရေတက်မှုများ ဖြစ်ပေါ်ခဲ့ရာ မြို့ပေါ် ရပ်ကွက် (၃)ခု အနက် ၀ိန်းကျောက်ရပ်ကွက် တော်ကော့အတွင်း နှင့် ရန်အောင်မြေရပ်ကွက်၊ နယ်မြေ(၃)တို့မှ ရေဘေးသင့် ပြည်သူများအား ယနေ့ သြဂုတ်လ(၁၅)ရက် နေ့လည်(၁၂း၃၀)နာရီအချိန်က တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့မှ ခေါက်ဆွဲခြောက်များ နှင့် ငါးသေတ္တာဗူးများ ပေးဝေခဲ့ကြပြီး ကျန်းမာရေးအဖွဲ့မှလည်း ဆေးဝါးများကုသပေး ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်းမာရေးအဖွဲ့မှလည်း ရေဘေးသင့် သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်တို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။
ထို့အတူပင် ရန်အောင်မြေရပ်ကွက်၊ နယ်မြေ(၃)တွင် ရေဘေးသင့်သော ပြည်သူများအတွက် ရန်အောင်မြေ အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှလည်း ဆန်၊ဆီ စသည့် အမယ်စုံပါဝင်သည့် စားသောက်ဖွယ်ရာ အထုပ်(၃၀)အား ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ ပါဝင်သည့် အဖွဲ့သည် ၀ိန်းကျောက်ရပ်ကွက်ရှိ တော်ကော့အတွင်းသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူ အိမ်ထောင်စု (၆၄)စုအတွက် ရန်အောင်မြေရပ်ကွက်နည်းတူ ခေါက်ဆွဲခြောက် နှင့် ငါးသေတ္တာဗူးများအား ပေးဝေငှခဲ့ကြသည်။
"မနေ့ညက ရေက ည(၁)နာရီ (၂)နာရီလောက်မှ ကျသွားတယ်၊ ဒါတောင် နည်းနည်းကျန်နေသေးတယ် တစ်ညလုံးနီးပါးပါပဲ၊ ရေထပ်တက်လာရင် ကယ်ဆယ်ရေး လုပ်ပေးရအောင်လို့ အုပ်ချုပ်ရေးမှူးနဲ့အတူ စောင့်ကြည့်နေရတယ်.."ဟု ၀ိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
သြဂုတ်လ(၁၄)ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုသည် မယ်ခေါင်ချောင်း အထက်ပိုင်းဖြစ်သည့် ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်း၌ ရေအမြင့်မှာ (၃)ပေခွဲမှ (၄)ပေခန့်ထိ ရှိခဲ့သော်လည်း လူသူ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။