၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ရရှိသူ လူနာ(၄)ဦးကို ဆေးဝါးကုသရန်အတွက် ကူညီထောက်ပံ့မှုများအဖြစ် ဒေသဆိုင်ရာအကြီးအကဲများ နှင့် လူမှုရေးအသင်းအဖွဲ့များက ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်လှူဒါန်းမှုများနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ(၁၅)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌဒေါ်အေးသန္တာကျော် နှင့် အဖွဲ့မှ အသက်မသေဘဲ လွတ်မြောက်လာခဲ့သော လူနာ(၄)ဦးဖြစ်သည့် အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့ (၄)ဦးအား အားပေးစကားများ ပြောကြားပြီး ဆေးဝါးကုသနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် တာချီလိတ်ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း နှင့် ဆေးရုံရှိ တာဝန်ရှိသူများမှလိုက်ပါ ကူညီဆောင်ရွက်ပေးပြီး တဆက်တည်းမှာပင် အဆိုပါ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသူ အသက်(၆၅)နှစ်ရှိ ဦးခင်မောင်ဆန်းသည် မိုင်းတုံတွင် နေထိုင်သူ ပညာရေးဝန်ထမ်းအငြိမ်းစားဖြစ်ရာ ဆေးရုံမှဆင်းသည့်အခါ နေရပ်ပြန်ရန်အတွက် လမ်းစရိတ်အကူအညီလိုအပ်နေသည့်အတွက် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌဒေါ်အေးသန္တာကျော် နှင့် အဖွဲ့မှ လမ်းစရိတ်အဖြစ် ကျပ် (၃၀၀၀၀)ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက် ညနေ(၅)နာရီအချိန်ကလည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်အရ စစ်ဗျူဟာမှူးကြီး နှင့်အဖွဲ့မှ အဆိုပါ (၄)ဦးအား ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့် ဇူလိုင်လ(၁၄)ရက်နေ့ကလည်း စစ်ဗျူဟာမှူးကြီး ပါဝင်သည့် တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထိုင်းဘတ်ငွေ (၈၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ယနေ့ ဇူလိုင်လ(၁၅)ရက် အစောပိုင်းတွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကိုယ်စား စစ်ဗျူဟာမှူးကြီးနှင့်အဖွဲ့မှ လူနေမှု အသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ အိပ်ရာထိုင်ခင်း စသည့် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီးကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်