တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးရှိ ပျံကျဈေးသည်များအတွက် နေရာရရှိရေး ညှိနှိုင်းဆွေးနွေး

တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးရှိ ပျံကျဈေးသည်များအတွက် နေရာရရှိရေး ညှိနှိုင်းဆွေးနွေး
ဇူလိုင် 21, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ပေါ်တွင် ၀မ်ကောင်းမြို့မဈေး အပါအ၀င် ပုန်းထွန်ဈေး၊ တာလော့ဈေး၊ ပြည်တော်သာဈေး၊ ဆန်ဆိုင်းဈေး၊ ရွှေမြေသာယာဈေး၊ အာခါဈေး၊ ပါလျှံ(၃)ဈေး၊ ပါလျှံ(၂)ဈေး နှင့် ဘုရင့်နောင်ဈေး စသည်ဖြင့် ဈေးအမျိုးမျိုးရှိသော်လည်း ဈေးသူ၊ ဈေးသားများ အဓိကအားဖြင့် ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းလာခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော် နီးပါး ကြာမြင့်လာပြီဖြစ်သည့် ၀မ်ကောင်းမြို့မဈေးသည် ယခုအခါမှာ အဆင့်တိုးမြှင့် ဆောက်လုပ်နေရာ စည်ပင်ခွင့်ပြုချက်ဖြင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ဈေးရောင်းချလာသော ပျံကျဈေးသည်များအဖို့ ဆိုင်နေရာများ ပြန်လည်ရရှိရန် အခက်အခဲများ ဖြစ်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ(၂၁)ရက် နံနက်(၁၁)နာရီမှ မွန်းလွဲပိုင်းအချိန်ထိ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာများနှင့် ပျံကျဈေးသူ၊ ဈေးသားများ တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ သက်ဆိုင်ရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ အပါအ၀င် မြို့မဈေးအား ဆောက်လုပ်ခွင့်ရရှိထားသည့် မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီ နှင့် ပျံကျဈေးသူ၊ ဈေးသားများအကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရာ ဆက်လက်၍ ပျံကျနေရာကိစ္စနှင့်ပတ်သက်ကာ ဆွေးနွေး ညှိနှိုင်းကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင် မှ "ပျံကျဆိုသည်မှာ ယာယီသဘောမျိုး သတ်မှတ်ထားကြောင်း၊ ဈေးဧရိယာမဟုတ်ပဲ ဈေးပြင်ပမှာ ရောင်းချနေတာဖြစ်ကြောင်း" ကနဦး ပြောကြားလာရာ ပျံကျဈေးသူ၊ ဈေးသားများ ကိုယ်စား ဈေးသည်တစ်ဦးဖြစ်သည့် ဦးလှခင် က " အတွင်းမှာ ရောင်းရောင်း၊ အပြင်မှာ ရောင်းရောင်း၊ ဈေးသည်သာဖြစ်ကြောင်း၊ ကျွန်တော်တို့ဟာ ပျံကျဆိုပေမဲ့ သတ်မှတ်ထားတဲ့နေရာမှာ တစ်နေကုန် ရောင်းချနေကြတာဖြစ်ပြီး မိုးချုပ်ရင်လည်း ပစ္စည်းတွေကို အဲ့ဒီနေရာမှာပဲ သိမ်းဆည်းခဲ့ကြတာဖြစ်ကြောင်း၊ အခု ဈေးဟာ အဆင့်မြင့်တည်ဆောက်တာ ဖြစ်တဲ့အတွက် အောက်မှာ ရောင်းချတဲ့ သူဟာ ခုံလေးနဲ့ အဆင့်မြင့်သွားရမှာဖြစ်ပြီး၊ ခုံလေးနဲ့ရောင်းတဲ့သူက အခန်းလေးနဲ့ ဖြစ်ရာမှာဖြစ်ကြောင်း၊ အဆင့်မြင့်တယ်ဆိုတာ ပိုပြီးကောင်းဖို့ လုပ်တာဖြစ်တဲ့အတွက် ပျံကျဈေးဆိုင်နေရာများအတွက် အဆင့်မြင့်ရမှာ အခုက ပျံကျဈေးသည်တွေအတွက် ဘုံပျောက်ရမဲ့ အဖြစ်မျိုး မဖြစ်စေလိုကြောင်း"စသည်ဖြင့် ပြန်လည် ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးတွင် အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင်က " ပျံကျနေရာပေးဖို့ကို  ဆောက်လုပ်ရေးကုမ္ပဏီနှင့် ညှိနှိုင်းထားကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီမှလည်း ဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ယခုလို အဆင်မပြေဖြစ်ရသည့် အကြောင်းအရင်းသည် စတင်တည်ဆောက်စဉ်ကာလက ပျံကျနေရာအတွက် နမ့်ယွန်းချောင်းပေါ် ဆောက်လုပ်မည့်ကိစ္စကို သက်ဆိုင်ရာဖြစ်တဲ့ မဟာမြတ်မုနိဆရာတော်ကိုလည်း လျှောက်တင် ရှင်းလင်းခြင်းမရှိခဲ့၊ ပျံကျဈေးသူဈေးသားများကိုလည်း မချပြခဲ့တဲ့အတွက် ယခုလိုဖြစ်လာတာဖြစ်ကြောင်း၊ စတင်တည်ဆောက်ကတည်းက ချပြခဲ့ရင် ယခုလို နေရာအခက်အခဲ၊ အဆင်မပြေမှုများ ဖြစ်လာမှာ မဟုတ်ကြောင်း"စသည်ဖြင့် ပြန်လည်ဆွေးနွေးရှင်းလင်းသွားသည်။

ပျံကျဈေးနေရာကိစ္စနှင့် ပတ်သက်၍ သတ်မှတ်နေရာကို ယခင်က နမ့်ယွန်းချောင်းပေါ်တွင် ကျောက်ကြီးများစီပြီး ဖုံးအုပ်၍ တည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီ မှ သတ်မှတ်ထားသော်လည်း အဆိုပါ နေရာသည် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အပိုင် ၀တ္တကမြေဖြစ်သည့်အတွက် ကန့်ကွက်ထားရာမှ ယနေ့ အစည်းအဝေးတွင် ဆောက်လုပ်ရေးကုမ္ပဏီ မှ နမ့်ယွန်းချောင်းအပေါ် ပျံကျဈေးခန်းများအတွက် အဆင်ပြေစွာ ဆောက်လုပ်ပေးရန်ကိစ္စကို ထပ်မံ၍ ပုံနှင့်တကွ သက်ဆိုင်ရာနှင့် ဈေးသူဈေးသားများထံ တင်ပြလာသည်။

 

ထိုသို့ တင်ပြလာမှုကို မြို့မိမြိုဖတစ်ဦးလည်းဖြစ်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ဂေါပကဥက္ကဌတစ်ဦးဖြစ်သူ ဦးမောင်လေးမှ "မဟာမြတ်မုနိကျောင်းဟာ ၁၉၅၀ ခုနှစ်ကျော်ကတည်းက တည်ရှိနေတာဖြစ်ကြောင်း၊ ထို့အတွက် မဟာမြတ်မုနိကျောင်းတိုက် အပိုင်ဖြစ်တဲ့ ၀တ္တကနယ်မြေအတွင်းမှာ ဆောက်မည့်ကိစ္စကို ဆရာတော်ဘုရားကြီးမှလည်း သဘောမတူညီကြောင်း၊ ၎င်းအနေဖြင့်လည်း ကန့်ကွက်ကြောင်း၊ ထိုအတူ မိုးကြီးတိုင်း ရေမြှုပ်သည့်အခါ အခက်တွေ့နိုင်ပြီး၊ နမ့်ယွန်းချောင်း တိမ်ကောသွားမည်ကို စိုးရိမ်ကြောင်း"စသည်ဖြင့် ကန့်ကွက်သည့်အရေး ဆိုသည်။

ဝမ်ကောင်းမြို့မဈေး၌ ဈေးပြင်ပတွင် ရောင်းချနေပြီး စည်ပင်ခွင့်ပြုချက်ဖြင့်ရောင်းချသည့် စာရင်းမှာ (၈၆)ဦးထက်မနည်း (၁၆၈)ဦးရှိသော်လည်း အဓိက လိုအပ်ချက် ပျံကျဆိုင်ခန်းများမှာ (၈၆)ခန်းသာဖြစ်ကြောင်း အဆိုပါ ပျံကျဈေးသူ၊ ဈေးသားများမှ တင်ပြလာကြသည်။

ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာသို့ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် နမ့်ယွန်းချောင်းပေါ် တည်ဆောက်ရန်ကိစ္စကို သဘောတူ၊ မတူ မေးလာရာ အားလုံးမှ သဘောမတူညီကြောင်း ပြောကြားလာကြသည့်အတွက် အတည်ပြုချက်ရယူပြီးနောက် ယခုဆွေးနွေးမှု ကိစ္စများအား ဇူလိုင်လ(၂၁)ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်၌ အဆိုပါ ကိစ္စများအား တင်ပြပေးသွားမှာ ဖြစ်ကြောင်း ပြောကြားပြီး ညှိနှိုင်းဆွေးနွေးမှုအား ရုပ်သိမ်းခဲ့ကြသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~