မိဘမဲ့ ကလေးသူငယ်များနှင့် မရှိနွမ်းပါး ကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်၍ ပညာရေး၊ စားဝတ်နေရေးစသည်တို့ကို တာဝန်ယူ၍ ထိန်းကျောင်းပေးနေလျက်ရှိသော ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ ရွှေတောင်တန်း(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်ရှိ ကလေးသူငယ်များနှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ တိုင်းရင်းသားများအား စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်မှ ဆရာဝန်နှင့်ကုသရေးအဖွဲ့တို့သည် ဒုတိယအကြိမ်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၂)ရက် နံနက်(၇)နာရီမှ နေ့လည် (၁၁)နာရီအထိ ဆေးဝါးကုသပေးခဲ့ရာ ဒေသခံတိုင်းရင်းသားများမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကြောင်း သိရသည်။
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့သည် (ပရဟိတ) ရွှေတောင်တန်းကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၅၁)ဦး နှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားများဖြစ်သည့် အမျိုးသား (၁၀)ဦး အမျိုးသမီး(၂၉)ဦး နှင့် ကလေးသူငယ် (၃၀)ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးဝါးများကုသပေးခြင်း၊ သောက်ဆေး၊ စားဆေးများအား ထောက်ပံ့ပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကျောင်းတိုက်နှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားများအား ဆေးကုသပေးရာတွင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင် ဦးလောတာ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်မှ လိုအပ်ချက်များကို တစ်ပါတည်း ကူညီဆောင်ရွက်ပေးကြောင်းလည်း သိရသည်။
ယခုလို ကွင်းဆင်း၍ ဆေးဝါးကုသပေးသော စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်မှ ဆရာဝန်နှင့်ကုသရေးအဖွဲ့တို့သည် ပြီးခဲ့သော ဇွန်လ နောက်ဆုံးအပတ်က မယ်ကြုတ်ကျေးရွာ၊ ပါခေါင်၊ ပါလ နှင့် ကြိုးတံတားကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာများတွင်လည်း ဒေသခံတိုင်းရင်းသား (၄၅၀)ခန့်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးဝါးများကုသပေးခြင်း၊ သောက်ဆေး၊ စားဆေးများအား ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ပြီးကြောင်းလည်း သိရှိရသည်။