သာရေး၊ နာရေး၊ ဘာသာရေး စသည့် လူမှုအကျိုးပြု အသင်းအဖွဲ့ များစွာရှိသည့် နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လစဉ် လပြည့်၊ လကွယ်နေ့တိုင်း တာချီလိတ်မြို့ရှိ ရဟန်း၊ သံဃာ အပါး (၇၀၀)ကျော်တို့ကို စုပေါင်း ဆွမ်းလောင်းလှူသည့် အလင်းရောင်ပရဟိတအသင်းမှ တတိယအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်း ဆွမ်းလောင်းလှူပွဲကို ၀ါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၁)ရက် နံနက်(၆း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင်ပရဟိတအသင်း ဆွမ်းလောင်းမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းကျင်းပမှာ ဖြစ်ကြောင်း သိရသည်။
အလင်းရောင်ပရဟိတအသင်းမှ တတိယအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်း ဆွမ်းလောင်းလှူပွဲပြုလုပ်ရာတွင် ပါဝင်ကုသိုလ်ယူ၍ ၀ါဆို သင်္ကန်းကပ်လိုသူများ အနေဖြင့် လာရောက်၍ ကပ်လှူနိုင်မှာဖြစ်ပြီး သင်္ကန်းများကို ရှမ်းရိုးမကွင်းထဲရှိ အလင်းရောင်ပရဟိတအသင်း ဆွမ်းလောင်းမဏ္ဍပ်တွင် ၀ယ်ယူရရှိနိုင်မှာဖြစ်သည့်အပြင်၊ အပြင်မှ လာရောက်၍ လှူဒါန်းလိုသူများအနေဖြင့်လည်း လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။