ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ကြိုးတံတား၊ ရေပူစမ်း၊ ရွှေပြည်အေး နှင့် ရှဲညီကျေးရွာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင်တို့ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ ပါဝင်သည့် အင်အား (၃၀)ဦးတို့သည့် ဇူလိုင်လ(၂၄)ရက်မှ ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဒေသခံပြည်သူလူထု တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စိုက်ပျိုး/မွေးမြူရေး နှင့် အိမ်ထောင်စုစာရင်း/မှတ်ပုံတင်မရှိသေးသူများအား ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် ဦးစီးသည့် အဖွဲ့သည် မိုးပွင့်အဆင့်(၆) စီမံချက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းအဖြစ် အဆိုပါကျေးရွာများမှ အိမ်ထောင်စု (၁၀၂၀)စုအား အိမ်ထောင်စုဇယား ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်မရှိသည့် ပြည်သူ (၂၂၀၀)ဦးအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ကျန်းမာရေးမှူး ဦးစီးအဖွဲ့မှ ကျေးရွာများတွင် ကျန်းမာရေးဆိုင်ရာ ပညာပေးဟောပြောပြီး ယင်လုံအိမ်သာများ သုံးစွဲနိုင်ရေးအတွက် ကြည့်ရှုဆောင်ရွက်ပေးခြင်းအပြင် ခရိုင်တိ/မွေးကုဆရာဝန်ကြီးမှ မွေးမြူရေးဆိုင်ရာ ရောဂါမဖြစ်ပွားစေရေးများကို ကြည့်ရှုဆောင်ရွက်ပေးခြင်း နှင့် အသိပညာပေးဟောပြော ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဌာနဆိုင်ရာအသီးသီးမှလည်း ဒေသဆိုင်ရာ လုပ်ငန်းများ အထောက်အကူ ပြုစေရန်နှင့် ကြိုတင် ဆောင်ရွက်ပေးနိုင်မည့် လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်အားဖြည့်သည့် ဒေသခံ ကိုဟန်ဦးက "ကျွန်တော်တို့ ကျေးရွာမှာ ကျန်းမာရေး စောင့်ရှောက်မှု အမှန်တကယ်လိုအပ်ကြောင်း၊ နေမကောင်းပါကလည်း သွားလာရန်ခက်ခဲသည့် ဒေသခံများအတွက် ယခုလို လာရောက် အကျိုးပြုဆောင်ရွက်ပေးသည့်အတွက် များစွာအဆင်ပြေကြောင်း၊ အထူးသဖြင့် အိမ်ထောင်စုဝင်စာရင်း နှင့် မှတ်ပုံတင်မပြုလုပ်ရသေးသည့် သူများ မိမိတို့ကျေးရွာတွင် အများကြီးရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးမှုအပေါ် ၀မ်းသာကြည်နှုးပီတိဖြစ်မိပါကြောင်း၊ နေ့ဘက်တွင် သာမက ညဖက်ပါ မနားမနေ လုပ်ဆောင်ပေးသည့်အတွက် ၀န်ထမ်များအား ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် စစ်ဗျူဟာမှူး ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စည်းစည်းလုံးလုံးဆောင်ရွက်ပေးမှုသည် ဌာနဆိုင်ရာများ၏ စည်းလုံးညီညွှတ်မှုကို ပြသရာရောက်ကြောင်း မြင်တွေ့ရပြီး မိမိတို့ ရပ်ရွာအနေဖြင့်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း"စသည်ဖြင့် ၀မ်းမြောက် ကျေးဇူးတင်စွာဖြင့် ပြောကြားသွားသည်။
စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင်တို့ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ အပြင် ဆရာ/ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့တို့၏ အားတက်သရော ပါဝင်လုပ်ဆောင်မှုကြောင့် ဒေသခံ ပြည်သူလူထုတို့၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ စစ်ကြောင်းကြီး (၅)ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုမျိုးကို တာချီလိတ်မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်