အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်သော ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၆)ရက်နေ့ ညနေ (၆း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အတွင်းရှိ ကာရာအိုကေဆိုင်တစ်ဆိုင်၌ စိတ်ကြွဆေးပြား (၁၉၆၀)ပြားနှင့်အတူ ဆေးပြားသယ်ဆောင်လာသူအား ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် သောင်းရွှေ နှင့် ရဲအုပ် အေးလွင်တို့ ဦးစီးသော အဖွဲ့သည် ရန်အောင်မြေရပ်ကွက်အတွင်းရှိ ကာရာအိုကေဆိုင်တစ်ဆိုင်သို့ မောင်ထွန်းxx ဆိုသူမှ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာမည်ဟု အဆိုပါအဖွဲ့အနေဖြင့် ကြိုတင်သတင်းရရှိထားသည့်အတွက် သွားရောက်စောင့်ဆိုင်းနေစဉ်မှာ သတင်းရရှိခံထားရသူ မောင်ထွန်းxxxဆိုသူသည် ကာရာအိုကေအခန်းတွင်းသို့ ၀င်ရောက်လာချိန်မှာ အဆိုပါ အဖွဲ့မှ တားမြစ်ရှာဖွေရာတွင် ၎င်းကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၆၀)ပြားကို ရှာဖွေတွေ့ရှိရာ အဆိုပါဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ် (၃၉၂၀၀၀၀)ရှိကြောင်းသိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီရရှိသူအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၉၂/၂၀၁၄၊ မူးစိတ် ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။