၂၀၁၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွားလာကြရာ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၇)ရက်တွင် ပြိုင်ပွဲဝင်သူ စုစုပေါင်း (၂၀)ဦးတိတိ ရှိပြီဖြစ်ရာ ပြိုင်ပွဲအကြို လေ့ကျင့်မှုကို ယနေ့ ညနေ (၃)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် စတင်၍ လေ့ကျင့်မှုများ ပြုလုပ်နေကြပြီဖြစ်ပါသည်။
ထိုသို့ လေ့ကျင့်မှုများပြုလုပ်ရာတွင် ပြိုင်ပွဲ၏ ကော်မတီအဖွဲ့ဝင်များက လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပြီး ပြိုင်ပွဲ မကျင်းပမီအချိန်ထိ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို ဇွန်လ(၃၀)ရက်နေ့ ညပိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆု ကျပ်(၃)သိန်း၊ ဒုတိယဆု ကျပ်(၂)သိန်း နှင့် တတိယဆုကို ကျပ်(၁)သိန်း စသည်ဖြင့် ချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲဝင်များအားလုံးကိုလည်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ထူးခြားမှုအစီအစဉ်တစ်ရပ်အနေဖြင့် အသက်(၃၅)နှစ်အထက် အမျိုးသမီးများ ၀တ်စားဆင်ယင်မှုပြပွဲကိုလည်း ထည့်သွင်းထားရာ ၀င်ရောက်ပြသဆင်နွှဲလိုသော အသက်(၃၅)နှစ်အထက် အမျိုးသမီးများအနေဖြင့်လည်း ပြိုင်ပွဲမစမီ (၃)ရက်အလိုထိ စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော အလှမယ်များကို အလှပြင်ပေးသည့် မိတ်ကပ် ဆရာ/မ များကိုလည်း အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မိတ်ကပ်အလှဆုကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ မိတ်ကပ် ဆရာ/မများအနေဖြင့်လည်း အလှပြင်ပေး၍ ၀င်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ အဆိုပါ စာရင်းပေးသွင်းရမည့်နေ့တွင် မြို့နယ်ရုံးသို့ သွားရောက် စာရင်းပေးသွင်းရမှာဖြစ်ကြောင်း ထပ်မံ သိရှိရသည်။
ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကိုလည်း တဆက်တည်း ဖော်ပြပေးလိုက်ပါသည်။
ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများအနေဖြင့်
- (၁) တစ်ဦးချင်း မိတ်ဆက်စကားပြောခြင်းအတွက် ( ၁၀ )မှတ်
- (၂) လျှောက်လှမ်းပုံ လှပခြင်းအတွက် ( ၁၀ )မှတ်
- (၃) သတ်မှတ်ဝတ်စုံ ပြည့်စုံလှပခြင်းအတွက် ( ၁၀ )မှတ်
- (၄) ဆင်ယင်ထုံးဖွဲ့မှု ယဉ်ကျေးခြင်းအတွက် ( ၁၀ )မှတ်
- (၅) မြန်မာဆန်ဆန် လှပခြင်းအတွက် ( ၁၀ )မှတ်
စုစုပေါင်း ( ၅၀ )မှတ် သတ်မှတ်ပေးထားပြီး အသေးစိတ် အမှတ်ပေးစည်းမျဉ်းအတွက်ကတော့
(က) တစ်ဦးချင်းမိတ်ဆက်စကားပြောခြင်း
- (၁) အသံကြည်လင်ပြတ်သားမှုရှိခြင်းအတွက် ( ၃ )မှတ်
- (၂) အထစ်အငေါ့မရှိခြင်းအတွက် ( ၃ )မှတ်
- (၃) မိတ်ဆက်စကား အသုံးအနှုန်းမှန်ကန်မှုရှိခြင်းအတွက် ( ၄ )မှတ်
(ခ) လျှောက်လှမ်းပုံလှပခြင်း
- (၁) လမ်းလျှောက်ပုံသည် နွဲ့နှောင်း လှပသည့်ဟန်ရှိခြင်းအတွက် ( ၃ ) မှတ်
- (၂) သတ်မှတ်ကိုယ်ဟန်ပြ(၄)မျိုးလှပခြင်းအတွက် ( ၄ )မှတ်
- (၃) တီးလုံးနှင့် အံဝင်ဂွင်ကျလျှောက်နိုင်ခြင်းအတွက် ( ၃ )မှတ်
(ဂ) သတ်မှတ်ဝတ်စုံပြည့်စုံမှုအတွက် ( ၁၀ )မှတ်ပေးထားသည်
- (၁) မြန်မာ(သို့)တိုင်းရင်းသားဝတ်စုံဖြစ်ခြင်း
- (၂) အင်္ကျီသည် လက်စက(သို့)လက်ရှည်ဖြစ်ခြင်း
- (၃) ရင်ဖုံး(သို့)ရင်စေ့ အင်္ကျီဖြစ်ခြင်း
- (၄) လုံခြည်ဝတ်ဆင်ရာတွင် သပ်ရပ်ညီညာမှုရှိခြင်း
မှတ်ချက်။ ။ မြန်မာထိုင်မသိမ်းဝတ်ဆင်နိုင်သည်။ မှန်ဇာအသုံးပြုပါက ရင်ဘတ်အထက်ဖက်နှင့် လက်တွင်သာဖြစ်ရမည်။ လက်ဝတ်ရတနာများ ၀တ်ဆင်ရာတွင် မျက်စိပသာဒသင့်တင့်စွာဆင်မြန်းရမည်။ ထမိန်စကတ်(လုံးဝ)မ၀တ်ဆင်ရ။
(ဃ) ဆင်ယင်ထုံးဖွဲ့မှုယဉ်ကျေးခြင်း
- (၁) ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဆန်ဆန် ဆင်ယင်ထုံးဖွဲ့မှုဖြစ်ခြင်းအတွက် ( ၄ )မှတ်
- (၂) ၀တ်စုံနှင့် ဆံထုံးလိုက်ဖက်မှုရှိခြင်းအတွက် ( ၃ )မှတ်
- (၃) ၀တ်စုံဒီဇိုင်းသည် ခေတ်နှင့်ဆန့်ကျင်ဖက်မဖြစ်ခြင်းအတွက် ( ၃)မှတ်
(င) မြန်မာဆန်ဆန် လှပခြင်း
- (၁) ၀တ်စားဆင်ယင် ထုံးဖွဲ့မှုသည် မြန်မာမှု ဟန်ပန်ပေါ်လွင်နေခြင်းအတွက် ( ၄)မှတ်
- (၂) မျက်နှာ အမူအရာသည် လှပသော အပြုံးပိုင်ရှင်ဟန် ပေါ်လွင်ခြင်းအတွက် ( ၃)မှတ်
- (၃) ကိုယ်ဟန်အနေအထား ကျော့ရှင်းပြေပြစ် လှပမှုရှိခြင်းအတွက် ( ၃) မှတ်
စသည့် ပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ နှင့် အမှတ်ပေးစနစ်ကို အထက်ပါအတိုင်း သတ်မှတ်ပေးထားမှာဖြစ်သည်။