ချင်းရိုင်းခရိုင် နှင့် တာချီလိတ်ခရိုင် အလွတ်သဘောတွေ့ဆုံ

ချင်းရိုင်းခရိုင် နှင့် တာချီလိတ်ခရိုင် အလွတ်သဘောတွေ့ဆုံ
ဇွန် 23, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ချင်းရိုင်းခရိုင် နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်တို့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ်ဦးနှစ်ဖက် အခက်အခဲများကို အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၃)ရက် နေ့လည် (၂)နာရီအချိန်က တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတား ရှိ လ၀က ရုံးခန်းတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဆပ်ဝပ်စမို့ ဦးဆောင်သည့် အဖွဲ့နှင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် အဖွဲ့တို့မှ ရင်းနှီးပျူငှာစွာ အလွတ်သဘော တွေ့ဆုံ၍ လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) [တာချီလိတ်]မှ ကော်မတီဝင်များနှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဆပ်ဝပ်စမို့ ဦးဆောင်သည့် ခရိုင်မြို့နယ်ဆင့် တာဝန်ရှိသူများမှ အလွတ်သဘောတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးကြသည်။

ရှေးဦးစွာ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးမှ ယခုလို ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် ၀မ်းသာကြောင်းနှင့် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားလာရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ တာချီလိတ်မြို့ရှိ တိုင်းရင်းသားများအနေဖြင့် မယ်ဆိုင်မြို့တွင် ဖြစ်ပေါ်နေသော အချို့အခက်အခဲများကို ပြောပြပြီးနောက် တာချီလိတ်မြို့တွင် ဖွဲ့စည်းထားရှိသည့် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)"အား မိတ်ဆက်ပေးကာ အဆိုပါ ကော်မတီသည် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကူညီပေးမှုနှင့်ကြုံသည့်အခါ မယ်ဆိုင်ဘက်မှလည်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း တောင်းဆိုသည့်အခါ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောလာသည်။

တွေ့ဆုံမှုတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်လ၀က၊ မြို့နယ်အကောက်ခွန် နှင့် CNCMC တို့မှ လက်ရှိ တံတားကူးစာအုပ်ဖြင့် ချင်းရိုင်းမြို့ထိ သွားရောက်နိုင်ရေးကိစ္စ၊တရားမ၀င်မြန်မာအလုပ်သမားများကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ မယ်ဆိုင်မြို့တွင် ငွေသွားရောက်ထုတ်ယူသည့် မြန်မာနိုင်ငံသားများအပေါ် ငွေညှစ်တောင်းခံရသည့် ကိစ္စ၊ လမ်းမဘေးတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများအပေါ် ဆီးစစ် ငွေညှစ်ခံရသည့် ကိစ္စ နှင့် မြန်မာဘက်မှ ထိုင်းဘက်သို့ သော်လည်းကောင်း၊ ထိုင်းဘက်မှ မြန်မာဘက်သို့ သော်လည်းကောင်း ငွေကြေးသယ်ဆောင်နိုင်ခွင့် ပမာဏ စသည့်အချက်များကို အဓိက ဦးစားပေး ဆွေးနွေးကြသည်။

မြန်မာဘက်မှ ဆွေးနွေးတင်ပြမှုကို ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဖုန်ဆပ်ဝပ်စမို့ နှင့် သက်ဆိုင်ရာများမှ ဖြေကြားရာတွင် မယ်ဆိုင်မြို့တွင် လမ်းဘေး ဆီးစစ်မှု နှင့် ဘဏ်တွင် ငွေထုတ်ယူသည့် မြန်မာနိုင်ငံသားများ ကိစ္စသည် ရဲတပ်ဖွဲ့က ဆောင်ရွက်တာဖြစ်ကြောင်းနှင့် ထိုသို့ အောက်ခြေက ဆောင်ရွက်နေမှုကို ချင်းရိုင်းခရိုင် ရဲမင်းကြီးမှလည်း သိရှိထားသည့်အတွက် ချင်းရိုင်းခရိုင်ရဲမင်းကြီးမှ အောက်ခြေ၌ ယခုလို နောင်မဖြစ်စေရန်အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းကို ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးအား တဆင့်ပြောလာကြောင်း၊ ထိုင်း - မြန်မာ အသွားအပြန် ငွေကြေးသယ်ဆောင်မှုအနေဖြင့် မြန်မာဘက်မှ ထိုင်းဘက်သို့ ၀င်ရောက်သည့်အခါ ထိုင်းငွေ သိန်း(၂၀)ထိ ထိုင်းနိုင်ငံအတွင်းသို့ ယူဆောင်လာနိုင်ပြီး ထိုင်းမှ မြန်မာသို့ ပြန်ဝင်လျှင် ဘတ်ငွေ (၄)သိန်းခွဲသာ သယ်ဆောင်ခွင့်ပြုမှာ ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လတ်တလောအားဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်သွားလာမှု ကဏ္ဍတွင်မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့်ကူးသန်းသွားလာရာတွင် မြန်မာနိုင်ငံသားများ အနေဖြင့် (၆)ညအိပ် (၇)ရက်နေထိုင်ခွင့်ကို ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့သို့ သွားလာခွင့်ပြုထားရာမှ မကြာမီကာလအတွင်း ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့ အထိ (၁၃) ညအိပ် (၁၄) ရက် ခရီးအထိ တိုးမြှင့်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ဘန်ကောက်မြို့တွင် လူသတ်မှုဖြင့် ထွက်ပြေးလာသည့် တရားခံ (၃)ဦးအား မြန်မာဘက်မှ ဖမ်းဆီးရရှိထားသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်သို့ ဇွန်လ(၂၅)ရက်နေ့တွင် လွှဲပြောင်းပေးနိုင်ရန် အတွက်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယခုအလွတ်သဘော တွေ့ဆုံမှုတွင် တာချီလိတ်မှ တိုင်းရင်းသားများအတွက် အဓိက ဦးစားပေး၍ အများဆုံး ဆွေးနွေးခဲ့ကြရာ ထိုင်းဘက်မှ ဆွေးနွေးတင်ပြမှုအဖြစ် အနည်းငယ်သာပါရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~