ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အထူးအလေးထား ဆောင်ရွက်သည့်အနေဖြင့် ထိုင်းနိုင်ငံဘက်မှ တရားမ၀င် မြန်မာအလုပ်သမားများအား လွှဲပြောင်းပေးအပ်ခြင်းများကို ပြုလုပ်သလို မြန်မာဘက်မှ တရားမ၀င် ထိုင်းနိုင်ငံသားများကိုလည်း ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၇)ရက် မွန်းလွှဲ(၁)နာရီအချိန်က ကျိုင်းတုံမြို့အနီး မိုင်းလားဒေသတွင် ရောက်ရှိ ဒုက္ခရောက်နေသော ထိုင်းနိုင်ငံသားဖြစ်သည့် အမျိုးသမီးနှစ်ဦးကို ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား၌ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထိုသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံဘက်မှ မကဖ(၈) ဦးစီးအရာရှိ ဦးသိန်းမောင် နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ၀ဿန်ကျော် အပါအ၀င် မြန်မာဘက် TBC အဖွဲ့ဝင် ဦးယေရှဲ နှင့် ဘာသာပြန် ဦးစည်သူမောင်တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ်ရာ ထိုင်းနိုင်ငံဘက်မှ ကိုယ်စားလှယ်များအဖြစ် မယ်ဆိုင်လဝကရဲမှူး စူကန်ရာ ဖုမ်မလင်း၊ မယ်ဆိုင်မြို့နယ် ဦးစီးအရာရှိ ထ၀တ်ချိုင်းအေ့ဘွတ် နှင့် ထိုင်းဘက် TBC မှ တာဝန်ရှိသူ ဗိုလ်ဒေးချားကျန်းထား ပါဝင်သည့် အဖွဲ့မှ လက်မှတ်ရေးထိုး၍ လွှဲပြောင်းမှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ထိုင်းအမျိုးသမီးနှစ်ဦးသည် မြန်မာနိုင်ငံထဲသို့ လာအိုနိုင်ငံမှတဆင့်၊ ဆစ်ဆောင်ပနား၊ ထိုမှတဆင့် မိုင်းလားသို့ ရောက်ရှိသွားတာဖြစ်ကြောင်း နှင့် ၎င်းတို့ နှစ်ဦးအနေဖြင့် မိုင်းလားသည် မြန်မာပြည်ထဲမှာလား၊ တရုတ်ပြည်ထဲမှာလားဆိုတာတော့ မသိရှိကြောင်း အပြင် မြန်မာဘက် သက်ဆိုင်ရာမှ အကြောင်းကြားလာတာကြောင့် ထိုင်းဘက်မှ သိရှိရပြီး လွှဲပြောင်းမှုကို ပြုလုပ်တာဖြစ်ကြောင်း ထိုင်းဘက် TBC မှ တာဝန်ရှိသူ ဗိုလ်ဒေးချားကျန်းထားက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ တာချီိလိတ်ဘက်သို့ ထိုင်းနိုင်ငံဘက်မှ ဖမ်းဆီးရမိသော တရားမ၀င်မြန်မာ အလုပ်သမားများအား ပြန်လည်လွှဲပြောင်းမှုများ ပြုလုပ်နေလျက်ရှိကြောင်းလည်း သိရှိရသည်။