ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲနှင့်အတူ တရားမ၀င်အလုပ်သမားများအား ဖမ်းဆီး၍ နေရပ်ပြန်ပို့နေမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယွတ်လောဝ်ခိတ်ကဏ်းမှ ချင်းရိုင်းခရိုင်အတွင်းရှိ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ဇွန်လ(၂၂)ရက်နေ့က အောက်ပါအတိုင်း ပြောကြားလာသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသရှိ ချင်းရိုင်းခရိုင်၊ ချင်းရိုင်း ၊ ချင်းရှဲန် ၊ မယ်ချဲန့် နှင့် မယ်ဆိုင်မြို့များတွင် နေထိုင် လုပ်ကိုင်လျှက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်စ်ပို့ နှင့် အလုပ်ပါမစ်ရှိသူများ ၊ ပတ်စ်ပို့နှင့်အလုပ်ပါမစ်မရှိသော်လည်း သက်ဆိုင်ရာအလုပ်ရှင်မှ ၎င်း၏အလုပ်သမား မှန်ကန်ကြောင်း ထောက်ခံချက်ပေးနိုင်သူများအား ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့အစည်းများမှ ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်သွားမည်မဟုတ်သော်လည်း အထောက်အထားမဲ့ နေထိုင်သူများကိုမူ လုံခြုံရေးအရ ဖမ်းဆီးအရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယွတ်လောဝ်ခိတ်ကဏ်းမှ ဇွန်လ ၂၂ ရက် နေ့က တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) ထံသို့ ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ ဦးဘိုလေးမှ တဆင့် ဆက်သွယ်အသိပေးပြောကြားလာကြောင်း သိရှိရသည်။