မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအတွက် အထောက်အကူပြု ပစ္စည်းများ တာချီလိတ်၌ ပေးအပ်

မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအတွက် အထောက်အကူပြု ပစ္စည်းများ တာချီလိတ်၌ ပေးအပ်
ဇွန် 4, 2014
By Tachileik News Agency

သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြည်ခြေနီ နှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်အထောက်အကူပြု ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၄)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်၏ ရပ်ကွက်သစ်ဖြစ်သော ရန်အောင်မြေရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အထောက်အကူပြုပစ္စည်းများပေးအပ်ပွဲနှင့် ပတ်သက်၍ "ယနေ့ပေးအပ်သော ပစ္စည်းများသည် ရပ်ရွာများမှာလည်း ရပ်ရွာလူထုကိုယ်တိုင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စွမ်းဆောင်ရည်များ မြှင့်တင်ပေးထားပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုအနေဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း၊ VCA အကြောင်း၊ အရေးပေါ် တုန့်ပြန် ကာကွယ်ရေးသင်တန်း၊ ယာဉ်လမ်းသင်တန်းနှင့် ရပ်ရွာလူထု၏ လိုအပ်ချက် အချို့ကိုလည်း ပံ့ပိုးပေးထားသည့် အပြင် အရေးပေါ် ဘေးအန္တရာယ်ကြုံတွေ့လာပါက ရပ်ရွာလူထုကိုယ်တိုင် ဦးဆောင်၍ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်အတွက် ထောက်ပံ့ ပေးအပ်တာဖြစ်ကြောင်း" စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားသွားသည်။

ဆက်လက်၍  မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်အထောက်အကူပြု ပစ္စည်းများကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး တို့မှ မယ်ခေါင်ရပ်ကွက်အတွက် မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရန်အောင်မြေရပ်ကွက်အတွက် ရန်အောင်မြေအုပ်ချုပ်ရေးမှူး နှင့် မူလွန်(ရန်အောင်မြေ)အတွက် ကျောင်းအုပ်ဆရာမကြီး စသည်တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ နှင့် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက် ကွင်းဆင်းအရာရှိ ဦးမြင့်ဆွေ၊ ခရိုင်ကြက်ခြေနီ ဦးစီးမှူး ဒုတိယတန်း ဦးဘမိုးမြင့် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပြင် မြို့နယ်အထောက်အကူပြုကော်မတီဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~