တာချီလိတ်မြို့နယ်တွင် မဲခေါင်မြစ်အပါအ၀င် မြို့နယ်ခွဲရှိချောင်းများ၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်အနီးရှိ မယ်ဆိုင်ချောင်း၊ မယ်ခေါင်ချောင်း၊ နမ့်ယွန်းချောင်း နှင့် မယ်ဟုတ်ချောင်းများ စသည့်ချောင်းများမှ မိုးတွင်းအခါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်ပြီး အခြားသဘာဝဘေးအန္တရာယ်များအဖြစ် ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုများ၊ လေပြင်းတိုက်ခတ်မှုများ စသည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် လူထုအခြေပြုအန္တရာယ်လျှော့ချရေးသင်တန်းဖွင့်ပွဲကို ယနေ့ ဇွန်လ(၂၅)ရက် နံနက်(၉း၃၀)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် မှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ဆောင်ရွက်မှုများပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊ မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်၊ စီမံချက်ညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်းမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယခုဖွင့်လှစ်သော လူထုအခြေပြုအန္တရာယ်လျှော့ချရေးသင်တန်းကို ယနေ့ ဇွန်လ(၂၅)ရက်မှ ဇွန်လ(၂၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သင်တန်းပို့ချချိန်ကို နံနက်(၉)နာရီမှ ညနေ(၅း၃၀)နာရီအချိန်ထိ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်၊ စီမံချက်ညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း နှင့် စီမံချက်ကွင်းဆင်းအရာရှိ ဦးမြင့်ဆွေတို့မှ သင်ကြားပေးရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တက်ရောက်သင်ယူကြောင်း သိရှိရသည်။