တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး (Mobile Team) စီမံချက် ပညာပေးကာလအဖြစ် တာချီလိတ်၌ စတင် ဆောင်ရွက်

တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး (Mobile Team) စီမံချက် ပညာပေးကာလအဖြစ် တာချီလိတ်၌ စတင် ဆောင်ရွက်
ဇွန် 24, 2014
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ဒေသသည် ထိုင်း-တရုတ်-လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်းထိစပ်
နေလျှက်ရှိရာ ကုန်စည်ကူးသန်းသယ်ပို့ရောင်းချမှုများ အပြန်အလှန်ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလျာထားချက်ပြည့်မီရေး ၊ တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး၊စားသုံးသူများအား အကာအကွယ်ပေးရေး ၊ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်အခများ ပြည့်ဝစွာရရှိနိုင်ရေးတို့အတွက် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး(Mobile Team) လုပ်ငန်းများအား ယနေ့ဇွန်လ (၂၄)ရက်နေ့မှ စတင်ကာ ပညာပေးကာလအဖြစ် ဇူလိုင်လကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

( လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်ဆေးနေစဉ် )

တာချီလိတ်ဒေသနှင့် ထိုင်း-တရုတ်-လာအို နိုင်ငံများ ကုန်စည်ကူးသန်းသွားလာရာတွင် အဓိကကျသည့် မယ်ယန်းစစ်ဆေးရေးဂိတ် ၊ ဝှေလေလန် စစ်ဆေးရေးဂိတ် ၊ ဟွေရဲစစ်ဆေးရေးဂိတ် နှင့် လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်များတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကုန်သည်ကြီးများအသင်းနှင့် မီဒီယာများမှ ကိုယ်စားလှယ်များပါဝင်သည့် Mobile Team အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ဦးဆောင်သည့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ ယနေ့ဇွန်လ (၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

““Mobile Team စီမံချက်စတော့မယ်ဆိုတာနဲ့ မိုင်းဆတ်တို့ မိုင်းတုံတို့ဖက်မှာ ကုန်ဈေးနှုန်းတွေတက်ကုန်တယ်ဆိုတဲ့သတင်းတွေ ကျွန်တော်တို့ကြားပါတယ်။ ဒါဟာတကယ်တော့ ပြည်သူတွေက နားလည်မှုလွဲနေတာပါ ၊ ကုန်သွယ်မှုပြုလုပ်ရာမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်က ဆောင်ရွက်ရင် နိုင်ငံတော်အတွက်ကော စားသုံးသူအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်၊ တရားမ၀င်ကုန်သွယ်မှုပြုနေရင် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ လျော့နည်းစေမှာဖြစ်သလို အဂတိလိုက်စားမှုတွေကိုလဲ အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်၊ ဒါ့အပြင်အဓိကအချက်ကတော့ အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေ ၊ စားသုံးဖို့မသင့်လျော်တဲ့ စားသောက်ကုန်တွေ ၊ ဥပမာအားဖြင့် ပြန်လည်ပြုပြင်ထားတဲ့ စားသုံးဆီတို့၊ ဓာတုအဆိပ်ဖြစ်စေမယ့် ဆိုးဆေးပါအစားအစာတွေ ဈေးကွက်အတွင်း မ၀င်ရောက်စေဖို့ ထိန်းချုပ်တဲ့သဘောဖြစ်ပါတယ်””ဟု တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားလာသည်။

““ ကျွန်တော်တို့က တနိုင်တပိုင်ဝယ်ယူရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေတာပါ ၊ ပို့ကုန်သွင်းကုန်
လိုင်စင်ဆိုတာတွေကို သိပ်နားမလည်တာတော့အမှန်ပါ ၊ အခုဆောင်ရွက်တဲ့ Mobile Team ဆိုတာကို ကြားတော့ ကြားဖူးပါတယ်၊ သဘောသဘာဝကိုတော့ သိပ်မသိပါဘူး ၊ တခုတော့ရှိတာပေါ့လေ ၊ အရင်က၀ယ်ဈေးထက် အခုကောက်ခံမယ့် အခွန်အခကလဲများမယ် ၊ တခြား မလိုလားအပ်တဲ့ ကောက်ခံမှုတွေလဲ ရှိနေဦးမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းကတော့ အနည်းနဲ့အများဆိုသလို တက်သွားနိုင်ပါတယ် ”” ဟု ကုန်ရောင်းကုန်ဝယ်ပြုနေသူတစ်ဦးမှ ရင်ဖွင့်ရှာပါသည်။

တာချီလိတ်ဒေသကိုအခြေပြုကာ သံလွင်အရှေ့ခြမ်းဒေသရှိပြည်သူများ အကျိုးရှိစေရန်အတွက် ထိုင်းနိုင်ငံမှတင်သွင်းသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများအား ကျသင့်တန်ဘိုး၏ (၃)ရာခိုင်နှုန်းအား အခွန်အခအဖြစ်ပေးဆောင်စေ၍ ကုန်စည်ဖြန့်ဖြူးခွင့်အား ရှမ်းပြည်နယ်အစိုးရ၏ အစီအမံဖြင့် ဆောင်ရွက်ခွင့်ပြုပေးထားသဖြင့်ဒေသတွင်းနေပြည်သူများ၏ လိုအပ်ချက်အတွက် များစွာအကျိုးပြုစေကာ ရရှိသောအခွန်အခများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်သည့်နည်းတူ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် တရား
မ၀င်ဆောင်ရွက်မည့်အစား ပို့ကုန်သွင်းကုန်လိုင်စင်များပြုလုပ်ကာ အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများအား တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် ကုန်သွယ်မှုပြုလုပ်ခြင်းဖြင့် နိုင်ငံတော်နှင့် စားသုံးသူပြည်သူများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~