မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း အခမဲ့ပညာပေးသင်တန်း တာချီလိတ်၌ ပို့ချ

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း အခမဲ့ပညာပေးသင်တန်း တာချီလိတ်၌ ပို့ချ
ဇွန် 15, 2014
By Tachileik News Agency

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း ကြီးသည် မြန်မာနိုင်ငံသားများအားလုံး အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုလုပ်ငန်းများ သိရှိနားလည်ပြီး အာဆီယံနိုင်ငံများထိ ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန် ရည်ရွယ်လျက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ အခမဲ့ပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကို ဇွန် (၁၄)ရက် နံနက် (၈)နာရီ က ဟိုတယ်(တာချီလိတ်) ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံအိမ်၊ခြံ၊မြေ၀န်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာ စကားပြောကြားရာတွင် အသင်းကြီး ပေါ်ပေါက်လာရခြင်းသည် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အရ စနစ်၏လိုအပ်ချက်နှင့်အညီ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်အရ အရည်အချင်းပြည့်ဝသည့် ၀န်ဆောင်မှုလုပ်ငန်းများသည် အရေးကြီးကြောင်း၊ မကြာမီ အာဆီယံ စီးပွားရေးအသိုက်အမြုံ တွင် အာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင် ရမှာဖြစ်ကြောင်း၊ မိမိတို့ အသင်းသားများ အနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ သိရှိနားလည်စေရန် သင်တန်း လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ အိမ်၊ခြံမြေ ၀န်ဆောင်မှုအသင်းရှမ်းပြည်နယ်၊ ဥက္ကဋ္ဌ ဒေါက်တာစိုင်းအောင်ကျော်က သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း ရင်းများကိုရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က အသင်းဖြစ်ပေါ်လာပုံနှင့် လက်ရှိအခြေအနေများကို တင်ပြသည်။

ထို့နောက် သင်တန်းအမှတ်စဉ်(၉/၂၀၁၃)တက်ရောက်ခဲ့သော အသင်းသား ရဲအုပ်စံသိန်းက သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိမည့် အကျိုးရလဒ်များကို ရှင်းလင်းတင်ပြသည်။ သင်တန်းကို ယနေ့ ဇွန်လ(၁၅)ရက်နေ့ထိ ပို့ချပြီးသင်တန်းသို့ အသင်းဝင်သင်တန်းသား ၈၁ ဦးတက်ရောက်ကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~