တာချီလိတ်ခရိုင်အတွင်း ပညာရေးနှင့် ပတ်သက်၍ ထက်/လယ်/မူ ကျောင်းများသည် ယခုအခါမှာ အဆင့်တိုးမှုများသော်လည်းကောင်း၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်မှုများ ပြုနေလျက်ရှိရာ အဓိက လိုအပ်နေသည်များမှာ စာသင်ခုံများဖြစ်ကြောင်း သိရှိရ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်မှ ချပေးထားသော ရန်ပုံငွေများထဲမှ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၂)ရက် နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်သည့် အဖွဲ့မှ စာသင်ခုံ စုစုပေါင်း (၈၈)စုံအား အ.ထ.က (တာချီလိတ်)တွင် ပေးအပ်လှူဒါန်းမှုအဖြစ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာသင်ခုံများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်၍ ပေးအပ်လှုဒါန်းရာ သက်ဆိုင်ရာ အ.ထ.က(ဟောင်လိတ်)၊ မူလွန်(ပုန်းထွန်)၊ မူလွန်(ရန်အောင်မြေ)တို့မှ ကျောင်းအုပ်ဆရာမကြီးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ၀မ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။
ယခုအကြိမ်တွင် လှူဒါန်းသည့် စာသင်ခုံ (၈၈)စုံတွင် အ.ထ.က(၀မ်နက်) အတွက် (၁၅)စုံ၊ အ.ထ.က(ဟောင်လိတ်)အတွက် (၁၅)စုံ၊ မူလွန်(ရန်အောင်မြေ)အတွက် (၁၀)စုံ၊ ၀မ်ကောင်း(ကချင်ရွာ)အတွက် (၇)စုံ၊ မူလွန်(ပုန်းထွန်)အတွက် (၁၀)စုံ၊ ပါနယ် အတွက် (၁၅)စုံ၊ မိုင်းဖုန်း(ခ) ၀မ်မိုင်(၁)အတွက် (၁၁)စုံ နှင့် ကျိုင်းလပ်မြို့နယ်ခွဲရှိ နမ့်ဝမ်းအတွက် (၅)စုံ ပါဝင်ကြောင်း သိရသည်။
ယခုလှူဒါန်းသည့် စာသင်ခုံများသည် တစ်စုံလျှင် ထိုင်းဘတ်ငွေ (၁၈၀၀)ဘတ်ရှိရာ စာသင်ခုံ(၈၈)စုံ၏ စုစုပေါင်း တန်ဖိုးငွေမှာ တစ်သိန်းငါးသောင်းရှစ်ထောင်လေးရာဘတ်ရှိကြောင်းနှင့် ဆက်လက်၍ စာသင်ခုံများ လိုအပ်နေလျက်ရှိသော အခြားကျေးရွာများကိုလည်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှလည်း လှူဒါန်းပေးမှာဖြစ်ကြောင်း သိရှိရသည်။