မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ K-Bank ရှေ့ရှိ ATM Box မှ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်းသား နှစ်ဦးသည် ထိုင်းဘတ်ငွေ နှစ်သိန်းကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၇)ရက် နံနက်(၁၀)နာရီအချိန်က ထုတ်ယူပြီး မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ပြန်မည်အပြုတွင် ထိုင်းရဲများဖြစ်သည့် 191 အဖွဲ့မှ ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ကို မယ်ဆိုင်မြို့ရှိ လူမှုကရုဏာအသင်း မှ အသင်းသားတစ်ဦးဖြစ်သူ ဦးထွန်း မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ် ) (CNCMC) သို့ ဖုန်းဖြင့် ဆက်သွယ်၍ မြန်မာနိုင်ငံသားတစ်ဦးပီသစွာ အသိပေးလာသည့်အတွက် မယ်ဆိုင်မြို့သို့ သွားရောက်၍ အောင်မြင်စွာကူညီပေးခဲ့ရကြောင်း သိရသည်။
ထိုသို့သွားရောက်ကူညီရာတွင် မြန်မာဘက် TBC မှ တာဝန်ရှိသူ ဦးဘိုလေး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ် )
( CNCMC )မှ ကော်မတီဝင်များဖြစ်သည့် ဦးစည်သူမောင် နှင့် ဦးအောင်ဖြိုးရှိန်တို့ ပါဝင်ပြီး ထိုင်းဘက် TBC မှ တာဝန်ရှိသူ ဗိုလ်ဒေးချားကျန်းထား တို့သည် မယ်ဆိုင်မြို့ရဲစခန်းသို့ သွားရောက်၍ ညှိနှိုင်းဆွေးနွေးပြီး အဆိုပါ ငွေများသည် ကာယကံရှင်အနေဖြင့် အမှန်တကယ် လုပ်အားခများဖြင့် ရရှိထားသော ငွေကြေးများဖြစ်ကြောင်း စသည်ဖြင့် ကာယကံရှင်အတွက် ထောက်ခံကူညီ၍ ပြောဆိုရာ မယ်ဆိုင်ရဲစခန်း၏ တာဝန်ရှိသူမှ အဆိုပါ ဘတ်ငွေ နှစ်သိန်းကို ပြန်လည်ပေးအပ်လာကြောင်း သိရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယခုလို ငွေသွားထုတ်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ငွေကြေး အမြောက်အများ ထုတ်ယူမည်ဆိုပါက အခြားသော ဘဏ်များရှိ ATM Box များတွင် ထုတ်ယူနိုင်မည်ဖြစ်သော်လည်း သတိထား၍ ထုတ်ယူရန်လိုကြောင်းနှင့် K-Bank တွင် မကြာခဏဆိုသလို ယခုလို ဖမ်းဆီးမှုများနှင့် ကြုံတွေ့ရကြောင်းကို မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးမှလည်း သတိပေးသည့် အနေဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။