တာချီလိတ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆု ၇၁ ဆု ဂုဏ်ပြုချီးမြှင့်

တာချီလိတ်၌ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆု ၇၁ ဆု ဂုဏ်ပြုချီးမြှင့်
ဇွန် 26, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားအား ယနေ့ဇွန်လ(၂၆)ရက် နံနက်(၉)နာရီအချိန်က ကျင်းပရာ အဆိုပါနေ့၏ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မူးယစ်ဆေးဝါး အမြောက်အများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေ စုစုပေါင်း ဆု(၇၁)ဆု ကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းရွှေ(တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး)ကိုယ်စား ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့လာသည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ ဒု-ရဲမှူးကြီး ၀င်းထွန်းမှ ဖတ်ကြားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးသန်းထွန်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များကို အသေးစိပ် ဆွေးနွေး ရှင်းလင်းပြောကြားသည်။

တဆက်တည်းမှာပင် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းကိုယ်စား ဒေါက်တာ ကံဦးအောင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါ အကြောင်းကို အချိန်(၃၀)မိနစ်ကျော်အကြာ အသေးစိတ်ဆွေးနွေး ရှင်းလင်းပြောကြားသွားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အကြို တာချီလိတ်ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံး ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူ (၄၄)ဦး၊ ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပြူတာပန်းချီ /ပိုစတာပြိုင်ပွဲတွင် ဆုရကျောင်းသား/သူ (၁၆)ဦး၊ နိုင်ငံတော်ဗဟိုအဆင့် ပန်းချီပြိုင်ပွဲတွင် အထူးဆုရ ကျောင်းသား(၁)ဦး၊ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် လက်တွဲဆောင်ရွက်ခဲ့သည့် ရပ်မိရပ်ဖ(၄)ဦးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ကြိုးစားဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၆)ဦး၊ စုစုပေါင်း(၇၁)ဦးတို့အား တာချီလိတ်(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် အတူ ခရိုင်/မြို့နယ်(မူး/စိတ်/တား) အဖွဲ့တို့မှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအ၀င် ကျောင်းသား/သူများအား ၂၀၁၃ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှတ်တမ်း ပိုစတာများနှင့် တရားခံပုံများအပါအ၀င် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပိုစတာ ပြခန်းအား တာဝန်ရှိသူမှ လိုက်လံပြသခဲ့ကြသည်။

နိုင်ငံတော်အတွင်း မူးယစ်ဆေးဝါးကင်းမဲ့နိုင်ငံ ( Drug Free Nation )ဖြစ်လာရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းမှုများ ပြုလုပ်နေသလို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်အတွင်း၌လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုအဖြစ် ပြီးခဲ့သော ၂၀၁၃ခုနှစ်က ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးအမှု (၁၉၁)မှုရှိခဲ့ရာ အဆိုပါ (၁၉၁)မှုတွင် ဖမ်းဆီးသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများမှာ ဘိန်းဖြူ (၁၃၄)ကီလို၊ စိတ်ကြွဆေးပြား (၃)သန်းကျော်၊ အိုက်စ် ကီလို(၁၀၀)၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ဓါတုကုန်ကြမ်းပစ္စည်းဖြစ်သည့် ကဖင်း(၁၃)တန်ကျော်၊ လက်နက်မျိုးစုံ(၂၅)လက်၊ ခဲယမ်း(၁၄၈၁)တောင့်၊ ဗုံးသီး(၂၆၅)လုံး၊ မော်တော်ယာဉ်(၃၂)စီး၊ ဆိုင်ကယ်(၄၇)ဦး အမေရိကန်ဒေါ်လာ(၂၆၈၀၀)၊ ထိုင်းဘတ်ငွေ (၁၆)သိန်းတို့ ပါဝင်ကြောင်း သိရသည်။

ယခုနှစ် ၂၀၁၄ခုနှစ်အတွင်း၌လည်း ဇန်န၀ါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့အတွင်း ဖမ်းဆီးရမိသည့် မူးယစ်အမှုပေါင်းမှာ (၉၉)မှုရှိခဲ့ပြီး အဆိုပါ (၉၉)မှုတွင် ဖမ်းဆီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများမှာ ဘိန်းစိမ်း(၂၃)ကီလို၊ အိုက်စ် (၄)ကီလို၊ စိတ်ကြွဆေးပြား (၈)သိန်းကျော်၊ ကဖင်းကီလို (၅၀)၊ လက်နက်မျိုးစုံ (၈)လက်၊ ခဲယမ်း (၂၉ဂ)တောင့်၊ မော်တော်ယာဉ်/ဆိုင်ကယ် (၃၁)စီး ထိုင်းဘတ်ငွေ (၃၅)သိန်းကျော် နှင့် ဆေးပြားရိုက်စက် အပြင် အခြားမူးယစ်ဆေးဝါးများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရှိရသည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ပြီးခဲ့သော ရက်များက တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား အသိပညာပေးအဖြစ် ဟောပြောမှုများပြုလုပ်ခဲ့ကြပြီး "မူးယစ်ဆိုက ကန့်ကွက်ကြ"စာတန်းပါ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~