၂၀၁၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့ ဓမ္မသီရိဆေးရုံကြီးတွင် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မြို့နယ်လုံးကျွတ်စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနအဖြစ် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၁)ရက် နံနက်(၇)နာရီမှ နံနက်(၈)နာရီအချိန်ထိ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းလုပ်အားဒါနအဖြစ် ပြုလုပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ဦးဆောင်သည့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ အပါအ၀င်၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများ နှင့် ဆရာ၊ ဆရာမများ၊ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ စသည်တို့မှ ပါဝင်၍ ပျော်ပါးတက်ကြွစွာ ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။
အဆိုပါ စုပေါင်းအဖွဲ့သည် ဓမ္မသီရိဆေးရုံကြီး အတွင်း ပေါက်ရောက်နေသော မြက်ပင်များ၊ ဆူးပင်များ အား ခုတ်ထွင်ရှင်းလင်းကြပြီး အမှိုက်များလှဲကျင်း၍ သန့်ရှင်းရေးအဖြစ် ဆောင်ရွက်ကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် ဦးဆောင်သည့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ကောက်ညှင်း နှင့် အကြော်များကို လိုက်လံဝေငှ၍ ကျွေးမွေးခဲ့ကြသည်။
လာမည့် ဇွန်လ(၃၀)ရက်နေ့တွင် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ ကိုလည်း တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။